အာဖဂန်နစ္စတန်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၃၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၃၀ ကျော် သေဆုံး

ကဘူးလ်၊ ဧပြီ ၁ ။           ။ အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၃၅ ဦး သေဆုံးပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးကာ နိုင်ငံတစ်ဝန်းက အစွန်အဖျားကျေးရွာတွေဆီ သွားရောက်ဖို့ ခက်ခဲနေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့ကစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းရာက မြောက်ပိုင်း ဖာယက်ဘ်ပြည်နယ်မှာ သေဆုံးသူ ၁၂ ဦး ရှိခဲ့ပါတယ်။ အနောက်ပိုင်း ဟာရတ််ပြည်နယ်မှာက သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ အာဖဂန်နစ္စတန် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်ရုံးမှ ပြောခွင့်ရသူ ဟတ်ရှ်မတ်ဘာဟာဒူရီက ပြောပါတယ်။

အနောက်ပိုင်းက ဘက်ဂဟစ်ပြည်နယ်မှာ သေဆုံးသူ ရှစ််ဦးရှိပြီး မြောက်ပိုင်း ဘတ်ခ်ပြည်နယ်မှာတော့ ငါးဦး သေဆုံးကြောင်း ဘာဟာဒူရီက ဆိုပါတယ်။ အိမ်ခြေပေါင်း ၃၀၀၀ ကျော်ထက်မနည်း ပျက်စီးတယ်လို့လည်း ၎င်းက ပြောပါတယ်။

ဟာရတ်ပြည်နယ်က ခရိုင် ဆယ်ခရိုင်နဲ့ ဟာရတ်မြို့က အချို့နေရာတွေမှာ ရေကြီးမှုဘေး ပြင်းပြင်းထန်ထန် ကြုံတွေ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရသူ ဂျေလာနီဖာဟတ်က ဆိုပါတယ်။

“အိမ်တွေ ရာပေါင်းများစွာ ပျက်စီးပြီး နေရပ်စွန့်ရသူ ထောင်ပေါင်းများစွာ ရှိပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း လမ်းပိုင်းဆက်သွယ်ရေး ညံ့ဖျင်းတာကြောင့် အစွန်အဖျားအရပ်တွေဆီ ရောက်ရှိနိုင်ဖို့ ခက်ခဲလျက်လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းမှာ တောင်ပိုင်း ကန်ဒါဟာပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ရာမှာလည်း  လူပေါင်း ၂၀ သေဆုံးပြီး အိမ်နဲ့ ကားတွေ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly