ဓလေ့ထုံးတမ်းနှင့် စာပေမြှင့်တင်နိုင်ရေး လီဆူစာပေ ဆရာအတတ်သင်မွမ်းမံသင်တန်းဖွင့်

ဓလေ့ထုံးတမ်းနှင့် စာပေမြှင့်တင်နိုင်ရေး လီဆူစာပေ ဆရာအတတ်သင်မွမ်းမံသင်တန်းဖွင့်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၃၁ ။    ။ လီဆူတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ဓလေ့ထုံးတမ်းများနှင့်စာပေမြှင့်တင်နိုင်ရေးအတွက် လီဆူစာပေ ဆရာအတတ်သင် မွမ်းမံသင်တန်းကို  မတ်၂၅ ရက်မှ ဧပြီ ၄ ရက်အထိ မိုးကုတ်မြို့တွင် ဖွင့်လှစ်သင်ကြားပေးနေသည်။

ယခုသင်တန်းကို လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်းပိုင်းတို့တွင် နေထိုင်သည့် လီဆူတိုင်းရင်းသား၊တိုင်းရင်းသူ  ၁၀၀ ဦးကျော် လာရောက်သင်ကြားနေခြင်းဖြစ်သည်။

"ကျွန်တော်တို့က ဒီမိမိရဲ့ဘာသာစကား၊ မိမိတို့ရဲ့ ရိုးရာဓလေ့၊ မိမိတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်ပေါ့နော်။ကောင်းနိုးရာရာ အစဉ်အလာတွေကို ကျွန်တော်တို့က ထိန်းသိမ်းရမယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက်လည်း ဘာသာစကားမပျောက်ဖို့ လိုတယ်။နောက်တစ်ခုက စာပေရှှိမှ။လီဆူမျိုးဆက် မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့ လက်ဆင့်ကမ်း ကျွန်တော်တို့က ရှေးဘိုးဘွား ဘိုးစဉ်ဘောင်ဆက်က ဆင်းသက်လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်ကောင်းတွေကို ကျွန်တော်တို့က ဒါကမ္ဘာတည်သရွေ့အောင်ပေါ့ဗျာ။လီဆူမျိုးနွယ်တည်သရွေ့ ကျွန်တော်တို့က မပပျောက်အောင် လက်ဆင့်ကမ်းပေးချင်လို့ ဒီလိုသင်တန်းမျိုး ကျွန်တော်တို့က လုပ်ရတာပါ။"ဟု လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးမျိုးမြင့်ကပြောသည်။

သင်တန်းမှ သင်ယူသွားသည့် လီဆူစာပေများကို မိမိနေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိသွားပါက လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည်များကို လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းက ကူညီထောက်ပ့ံပေးသွားမည်ဟုလည်း သိရသည်။

လီဆူစာပေသင်ကြားရေး တာဝန်ခံ ဦးချစ်အေးက"အခုသင်ထားတဲ့ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကလေးတွေကတဆင့် သူတို့ကမွေးလာမယ့် သားသမီးတွေကတဆင့်၊  နောက်ပြီး သူတို့သားသမီးတွေက မွေးလာမယ့် မြေးတွေကတဆင့် ၊ အဆင့် အဆင့် ကျွန်တော်တို့လက်ဆင့်ကမ်းဖို့အတွက် ရည်ရွယ်ပြီး စိတ်ထဲကနေမှ ဒီကလေးတွေကို ကျွန်တော်က အများကြီးလည်း မျှော်လင့်ထားပါတယ်။ ကိုယ့်လီဆူလူမျိုးရဲ့ တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်မယ့် ကလေးတွေလို့ ယူဆပြီးတော့ ဒီပညာကိုလည်း ကျွန်တော်တို့ နှစ်နှစ်ကာကာ၊ ကောင်းကောင်းမွန်မွန် ၊ ထိထိရောက်ရောက် သင်ကြားပေးနေပါတယ်။"ဟုပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှ လာရောက်သော သင်တန်းသူ မဟဲမဆာက မိမိကျေးရွာသို့ ပြန်လည်ရောက်ရှိပါက လီဆူစာပေ မတတ်သေးသည့်သူများကို ပြန်လည်သင်ကြားပေးသွားမည့်ဟု ဆိုသည်။

လီဆူစာပေသင်တန်းများကို တစ်နှစ်လျှင် တစ်ကြိမ်ဖွင့်လှစ်သွားမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်သည်များ ကူညီထောက်ပ့ံပေးစေချင်ကြောင်း လီဆူတိုင်းရင်းသားခေါင်းဆောင်များက ဆိုကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly