အိပ်ပျော်နေသည့် အောက်ချင်းငှက်ကို လေးခွနှင့်ပစ်သတ်သူ အဖမ်းခံရ

အိပ်ပျော်နေသည့် အောက်ချင်းငှက်ကို လေးခွနှင့်ပစ်သတ်သူ အဖမ်းခံရ

မကွေး၊ မတ် ၃၀ ။    ။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာန တောင်ပေါ်ဘိနယ်၊ ဂုတ်ကြီးစာသင်ကျောင်းရှေ့၊ စိန်ပန်းပင်ပေါ်တွင် အိပ်နေသော အောက်ချင်းငှက် အထီး(၁)ကောင်အား လေးခွနှင့်ပစ်ခတ်သူကို မတ်လ (၂၈)ရက်နေ့ ညပိုင်းက ပူပေါင်းအဖွဲ့မှဖမ်းဆီးခဲ့ကြောင်း ပဒါန်းနယ်မြေရဲစခန်းက သိရသည်။

အောက်ချင်းငှက်ကို လေးခွဖြင့်ပစ်သတ်သူမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်တွင် နေထိုင်သော အသက် (၃၇)နှစ်အရွယ်ရှိ ဦးဝင်းမောင် ဆိုသူဖြစ်ကြောင်း သေဆုံးသွားသော အောက်ချင်းငှက်သည် မကွေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ ဂုတ်ကြီးကျေးရွာ၊ ရေထိန်းတောအတွင်း ၂၀၁၈ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့တွင် ဘေးမဲ့လွှတ်ပေးခဲ့သည့် ငှက်ဖြစ်ကြောင်း သိရသည်။

“ဒီအမှုက ရဲအရေးပိုင်ဖြစ်တယ်။ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့် ရှောက်ခြင်းဆိုင်ရာဥပဒေ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူနိင်ဖို့ ငဖဲမြို့နယ်သစ်တောဦးစီးဌာနက ဆောင်ရွက် နေပါတယ်”ဟုတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန့်ကြားရေးမှူးဦးမြင့်သိန်းခိုင်က ပြောသည်။

အောက်ချင်းငှက်များအား ဖမ်းဆီးခြင်း ပစ်ခတ်သတ်ဖြတ်ခြင်းများကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေဖြင့် တားမြစ်ထားပြီး ငဖဲမြို့၊ သစ်တောဦးစီဌာနတောအုပ်မှ အမှုဖွင့်တိုင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ငှက်အား သတ်ခဲ့သူ ဦးဝင်းမောင်ကို မတ်လ (၂၉) ရက်နေ့တွင် ပဒါန်းနယ်မြေရဲစခန်း၌ (ပ)၉၀/ ၂၀၁၉၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၄၁ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly