အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အဘွန်လဟော် အသက် ၃၂ နှစ်မှာ ကစားသမားဘဝမှ အနားယူ

အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အဘွန်လဟော် အသက် ၃၂ နှစ်မှာ ကစားသမားဘဝမှ အနားယူ

အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂါဘီ အဘွန်လဟော်ဟာ အသက် ၃၂ နှစ်အရွယ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ သိရပါတယ်။

အဘွန်လဟော်ဟာ ပြီးခဲ့တဲ့ ရာသီကုန်က ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းမှ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး သူနောက်ဆုံးပါဝင်ကစားခဲ့တဲ့ ပွဲမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကဖြစ်ခဲ့ပါတယ်။

သူဟာ ဗီလာအသင်းအတွက် ပွဲပေါင်း ၃၉၁ ပွဲအထိ ကစားခဲ့ပြီး ၈၆ ဂိုး သွင်းခဲ့သလို၊ အင်္ဂလန်လက်ရွေးအသင်းအတွက်လည်း ၃ ပွဲ ပါဝင် ကစားဖူးသူဖြစ်ပါတယ်။

"တရားဝင်အနားယူရမယ့် အချိန်ကို ရောက်လာပါပြီ။ ပရိသတ်တစ်ဦးအနေနဲ့ အက်စတွန်ဗီလာရဲ့ ပွဲစဉ်တွေကို ကြည့်ရှုသွားရပါတော့မယ်။"လို့ အဘွန်လဟော်က Instagram မှာ ရေးတင်ခဲ့ပါတယ်။

"ကျနော်ဟာ လိဂ်ပွဲ ၄၀၀ နီးပါးလောက် ကစားနိုင်မယ်၊ အက်စတွန်ဗီလာအတွက် ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်တင်ကစားသမားဖြစ်လာမယ်၊ ကြီးကျယ်တဲ့ ကလပ်အသင်းခေါင်းဆောင်နဲ့ စီနီယာအဆင့်မှာ အင်္ဂလန်အသင်း ကိုယ်စားပြု ရွေးချယ်ခံရမယ်လို့ ကျောင်းတုန်းက ကျနော် ပြောခဲ့မယ်ဆိုရင် ကျနော် ရယ်မိခဲ့မှာပါ။

"ကျနော်ကို အားပေးတဲ့ ပရိသတ်အားလုံးရယ်၊ အသင်းဖော်ဟောင်းတွေနဲ့ ကြီးကျယ်တဲ့ ကလပ်အသင်းမှာ ကျနော်နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။

"တခြားအသင်းအတွက် ကစားပေးဖို့ ဒါမှမဟုတ် အက်စတွန်ဗီလာအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားမယ်ဆိုတဲ့ အတွေးမျိုး ကျနော် မတွေးနိုင်ခဲ့ပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။"

အဘွန်လဟော်ဟာ ၂၀၀၇-၀၈ နဲ့ ၂၀၀၉-၁၀ ရာသီကြား ဗီလာအသင်း ၃ ရာသီဆက် အဆင့် ၆ နေရာမှာ ရည်တည်ခဲ့ရာမှာ အသင်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၀ လိဂ်ဖလား ဗိုလ်လုပွဲ၊ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၅ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ အသင်းအတွက် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly