အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ အမြန်ဆုံးပြုလုပ်ရန် ဒုတပ်ချုပ် တိုက်တွန်း

အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများ အမြန်ဆုံးပြုလုပ်ရန် ဒုတပ်ချုပ် တိုက်တွန်း
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နေပြည်တော်။ မတ် ၂၇။                                   ။ စစ်တိုင်းကြီးငါးတိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် အပစ်ရပ်လေးလ သတ်မှတ်သည့် ကာလအတွင်းတွင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံး လုပ်ဆောင်ကြရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောကြားသည်။

ထိုသို့ လုပ်ဆောင်ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့် လုပ်ရပ်များ ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့်ဖြစ်စေ၊ တပ်မတော်၏ ဆွေးနွေးရေး အဖွဲ့နှင့်ဖြစ်စေ ဆွေးနွေးကြရန် ဆက်လက်ပြောခဲ့သည်။

"အခုသွားနေတဲ့ လမ်းကြောင်းဟာ တင်္ဂငြိမ်းချမ်းရေး ရရှိရုံမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရဖို့ စနစ်တကျ ဦးတည်လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စစ်မှန်တဲ့ စိတ်ရင်းစေတနာမှန်နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်"ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

ယနေ့ မတ် ၂ရရက်နေ့၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် တပ်မတော်နေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အတိတ်က ဖြစ်ပွားခဲ့သည့် အမှားများကို လက်ညှိုးထိုးပြောဆိုနေမည့်အစား ထိုအမှားများကို သင်ခန်းစာယူကာ ပြည်ထောင်စုသားအားလုံးက သွေးစည်းညီညွတ်စွာနှင့် တိုင်းပြည် တိုးတက်ရာ ၊ တိုးတက်ကြောင်းကို ဆောင်ရွက်မှသာ အကျိုးရှိမည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

"ဒို့တပ်မတော်အနေနဲ့၊ ၂၀၂ဝပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တနေသော ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်"ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ တိုင်းတွင် ပစ်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာလ မှ လာမည့် ဧပြီ ၂၁ ရက် အထိ ၄ လတာကာလ အပစ်အခတ်ရပ်စဲထားခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများကို ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ဧပြီ တတိယအပတ်ထိ ၄ လတာ အပစ်ရပ်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required