ကျေးရွာလမ်းကို ပိတ်၍ ခြံခတ်ခြင်းအပေါ် တားသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတချို့အား ခြံပိုင်ရှင်က တရားစွဲ

ကျေးရွာလမ်းကို ပိတ်၍ ခြံခတ်ခြင်းအပေါ် တားသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတချို့အား ခြံပိုင်ရှင်က တရားစွဲ
 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

ကလော၊ မတ် ၂၆ ။     ။ ကျေးရွာကုန်ထုတ်လမ်းပိတ်၍ ခြံခတ်နေခြင်းကို သွားရောက်တားဆီးခဲ့သည့် အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၁၄ ဦးကို ခြံပိုင်ရှင်ဆိုသူဦးအောင်ငယ်(ခ)တင်လွင်က ပိုင်နက်ကျူးလွန်မှုပုဒ်မ၊အကျိုးဖျက်ဆီးမှုပုဒ်မတို့ဖြင့် တရားစွဲဆိုခဲ့၍ အမှုရင်ဆိုင်နေရသည်ဟုတရားစွဲဆိုခံထားရသည့် မြင်းမထိကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ တရားစွဲဆိုခံနေရခြင်းနှင့်ပတ်သက်၍ ဒေသခံများက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊မြင်းမထိဘုန်းတော်ကြီးကျောင်းတိုက်တွင် မတ်လ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊မြင်းမထိကျေးရွာရှိ ဒေသခံများ အဓိက အသုံးပြုနေသည့် ရှေးယခင် ကတည်းကရှိခဲ့သည့် ကုန်ထုတ်လမ်းကို ပိတ်၍ခြံခတ်နေခြင်းအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရပ်မိ ရပ်ဖများနှင့်ရွာသူ ရွာသားအချို့က ခြံပိုင်ရှင်ဆိုသူအားသွားရောက်ညှိနှိုင်းမှုများပြုလုပ်ရာ အဆင်မပြေ ဖြစ်ခဲ့ပြီး လမ်းပိတ်ခြံခတ်ထားသည်များကို ရွာသူရွာသားအချို့က ရှင်းလင်းဖယ်ရှား လိုက်ခြင်း အတွက် အမှုဖွင့် အရေးယူခံရခြင်းဖြစ်သည်ဟု ဦးစိုးဝင်းကဆိုသည်။

မြင်းမထိကျေးရွာတွင် နေထိုင်ရန်အခက်အခဲရှိသည့် ကျေးရွာသူ ကျေးရွာသားများကို ချထားပေးသည့် မြေအား ဝယ်ယူ၍ ခြံခတ်ရာ ကုန်ထုတ်လမ်းကိုပါ ပိတ်၍ ခတ်ခဲ့ခြင်းကြောင့် ပြဿနာဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

"သူကမြေကွက်ဝယ်ထားတာပေါ့။အဲ့ဒီမြေကွက်ကလည်း မရှိဆင်းရဲသားတွေနေဖို့ ချထားပေးတဲ့ မြေ ကွက် ပေါ့။အဲမှာဝယ်ပြီးတော့မှ စည်းရိုးခတ်တာ။ခတ်စဉ်မှာ ဟိုငယ်ငယ်လေးကတည်းကရှိခဲ့တဲ့ လှည်းလမ်း ကြီးကို ရောပြီးမှစည်းရိုးခတ်လိုက်တယ်။အဲဒီလှည်းလမ်းက ရွာသူ ရွာသားတွေနေ့စဉ်နဲ့အမျှ ကုန်ထုတ်လုပ်တဲ့ လမ်း။ ကျေးရွာချင်းဆက်လမ်း။ကျေးရွာတစ်ခုချင်းစီ ဘုရားသွား ကျောင်းတက် တဲ့လမ်း။ကလေးတွေ ကျောင်းသွား ကျောင်းပြန်လုပ်တဲ့လမ်းဖြစ်ပါတယ်။အဲဒါကို သွားပိတ်ခဲ့တဲ့အခါကြတော့ ရွာသားတွေက သွားစရာလမ်း မရှိ တော့ ဘူး။အဲဒါကြောင့် ကျွန်တော်တို့က သွားပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ညှိနှိုင်းဖြေရှင်းမှုတွေ လုပ် ပေး ပါတယ်။အဲမှာ သူက အပြောအဆို မဆင်မချင်ဖြစ်တဲ့အခါ ရွာသားတွေနဲ့စိတ်သဘောထားခြင်း မတိုက်ဆိုင် တဲ့ အခါ ပိတ်ထားတဲ့ လှည်းလမ်းကို ဆွဲဖြုတ်ပစ်လိုက်ကြတယ်။အဲဒါကို တရားစွဲတာပါ။"ဟု ဦးစိုးဝင်းက ပြောသည်။

လမ်းပိတ်ဆို့ခြံခတ်ခြင်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုလမှာပင် ခြံစည်းရိုးအား ဖယ်ရှားခဲ့သည့်သူများကို မြေပိုင်ရှင်ဆိုသူက တရားစွဲခဲ့ခြင်းလည်းဖြစ်သည်။တရားစွဲခံရသူများသည် ကလောမြို့နယ်တရားရုံးတွင် မတ်လအထိ တရားရင်ဆိုင်နေရသည်မှာ (၁၀)ကြိမ်မြောက်ရှိပြီဟုလည်း ဦးစိုးဝင်းကဆိုသည်။

"ဒီလမ်းက အဘတို့ငယ်ငယ်ကတည်းက ရှိခဲ့တယ်။ ဒါကိုပိတ်တယ်။ သူဝယ်ထားတဲ့နေရာခတ်ပါ။ အများ အသုံး ပြုနေတဲ့လမ်း။ကျေးရွာပိုင်လမ်း ဒါကို အခုလို လုပ်နေတာ တရားနည်းလမ်းကို မကျဘူး။အဘတို့ တစ်ခါမှ ရုံးတွေဘာတွေ မရောက်ဖူးဘူး။ အခု ဖြစ်နေတာက မှားတဲ့သူက အဘတို့ကို တရားစွဲနေတာခံနေရ တယ်။ အဘတို့က ဖြေရှင်းသွားမှာပါ။"ဟု တရားစွဲဆိုခံထားရသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်ကြီးက ပြောသည်။

အဆိုပါလမ်းပိုင်းသာ မရှိပါကဒေသခံများ၏ စိုက်ပျိုးထုတ်ကုန်များဖြစ်သော ခရမ်းချဉ်၊ အာလူး စသည့် ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

"သူကခြံခတ်တယ်။ခြံခတ်တော့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေကသွားပြောတာပေါ့။ဒါကတော့ ကျေးရွာချင်းဆက် လမ်းဖြစ်နေတယ်။ကျေးရွာချင်းဆက်လမ်းဆိုတော့ မခတ်ဖို့ပြောတာပေါ့။ခတ်တော့ ရွာသားတွေနဲ့ အခြေအတင် ဖြစ်ပြီး ရွာသားတွေကလည်း လမ်းနယ်ပါတယ်ဆိုပြီး ဖျက်လိုက်တယ်။အဲဒီလမ်းက အရင်ကတည်းက ပုံမှန် အသုံးပြုနေတဲ့လှည်းလမ်းပေါ့။"ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံသို့ ဒေသခံများဘက်မှ ဆက် သွယ်အကြောင်းကြားမှု မရှိသေးသော်လည်း ဖြစ်ပျက်နေသော အမှုအခြေအနေအပေါ် မှန်ကန်မှု ရှိစေရန် လေ့လာစောင့်ကြည့်သွားမည်ဟု ကလောမြို့နယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဆိုသည်။တရားစွဲဆိုခံထားရသည့်သူများနှင့်ဒေသခံအများစုသည် အမှန်တရားပေါ်ပေါက်ရေးအတွက် အမှုကို ရင်ဆိုင် ဖြေရှင်းသွားမည်ဟု ဆိုထားပြီး အစိုးရအဖွဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်း အမှန်တရားဖြစ်စေရေးအတွက် တိုင်ကြားစာများပေးပို့သွားမည်ဟုလည်း ဒေသခံအများစုကဆိုသည်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly