ရန်ကုန် ၊ မတ် ၂၄ ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းမှူး ဦးကျော်ကျော်လှသည် မတ် ၂၃ ရက်နေ့ ညက တိမ်ညိုကျေးရွာ၌ သေနတ်ဖြင့် အပစ်ခံရပြီး အသက်ဆုံးရှုံးသွားကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။
“သေနတ်နဲ့ အပစ်ခံရတယ်ဆိုတာတော့ အတည်ပြုလို့ရပါတယ်။ ဆေးရုံရောက်တော့ အသက်ဆုံးရှုံးသွားပြီလို့ကြားတယ်” ဟု ၄င်းကဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားရသည့် တိမ်ညိုရဲစခန်းမှူးသည် ရက္ခိုင့်တပ် AA မှ သေနတ်ကျည်ဆံ တစ်တောင့်နှင့် ခြိမ်းခြောက်စာတစ်စောင် ပေးပို့ထားခြင်း ခံထားရသူလည်း ဖြစ်သည်။
မတ် ၂၄ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ဆက်သွယ်ချက်အရ တိမ်ညိုရဲစခန်းမှူး သတ်ဖြတ်ခံရမှုသည် AA နှင့် ပတ်သက်မှုမရှိဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
“ကျွန်တော်တို့နဲ့ အဲ့ဒီသတ်ဖြတ်မှုက ဘာမှမပတ်သက်ဘူးခင်ဗျ။ အခုက အခြေအနေတွေက တအားရှုပ်ထွေးနေတာ။ သူ့ကို အဖွဲ့အစည်းအနေနဲ့ အရင်တုန်းက သတိပေးချက်အနေနဲ့ သတိပေးတာရှိခဲ့ဖူးတယ်။ သတိပေးတယ်ဆိုတာကလည်း သူ့ကို တစ်စုံတခုမဖြစ်စေချင်လို့ သတိပေးတာ၊ ကျွန်တော်တို့က သတိပေးရုံလောက်ပဲ ပေးတာ” ဟု ရက္ခိုင့်တပ် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမသို့ပြောသည်။
လက်တလောတွင် သေနတ်ဖြင့် ပစ်ခတ်သွားသူကို အတိအကျမသိရှိသေးဘဲ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း၌ တပ်မတော်နှင့်ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများလည်း သုံးထောင်ကျော်အထိရှိနေသည်။