၂၀၁၈ ခုနှစ် အကယ်ဒမီ ဂယက်

၂၀၁၈ ခုနှစ် အကယ်ဒမီ ဂယက်
ဓာတ်ပုံ၊ သူရ၊ မဇ္ဈိမ

ရန်ကုန်၊ မတ် ၂၄ ။      ။ ၂၀၁၈ အကယ်ဒမီဆုပေးပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ ပွဲအပြီးမှာတော့ ဝေဖန်သံတွေနဲ့ ဂယက်ပေါင်း တစ်သိန်းလောက် ရှိခဲ့ပါတယ်။

ပရိသတ်မှန်းထားတဲ့ အနုပညာရှင်တွေ အကယ်ဒမီ လွဲချော်တာ၊ အကယ်ဒမီဆုရစာရင်း ပွဲမတိုင်ခင်က ထွက်ပေါ်နေတာ၊ ရသင့်ရထိုက်တဲ့သူ မဟုတ်ဘူးလို့ ဝေဖန်တာ ၊ အကယ်ဒမီပွဲဖိတ်စာကိစ္စတွေနဲ့ ၂၀၁၈ အကယ်ဒမီက အကြောင်းအရာတွေ စုံလှပါတယ်။

၂၀၁၈ ခုနှစ်အတွက် ဇာတ်ကား ၈၃ ကားရှိပြီး မုန်းစွဲဇာတ်ကားနဲ့ ပရိသတ်ထင်ကြေးပေးခံခဲ့ရတဲ့ အေးဝတ်ရည်သောင်း၊ လူပြောများတဲ့ မီဇာတ်ကားနဲ့ ပိုင်ဖြိုးသု၊ မုဒြာခေါ်သံ ၊ ဥပါယ်တံမျှင် ဇာတ်ကားနဲ့ သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ၊ မုန်းစွဲကားဖြင့် သရုပ်ဆောင် နေတိုးတို့ မရရှိခဲ့တဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အကယ်ဒမီပေးပွဲမတိုင်ခင် လူမှုကွန်ယက်ပေါ်မှာ ဆု ၁၁ ဆု စာရင်း ပေါ်ထွက်လာခဲ့ပြီး အကယ်ဒမီပေးပွဲ ဆုကြေညာပြီးချိန်မှာ တူညီနေခဲ့ပါတယ်။ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ ဇာတ်ညွှန်း၊ နောက်ခံတေးဂီတ၊ တည်းဖြတ်၊ အသံ၊ ဇာတ်ပို့ဆု (ကျား/မ) ၊ ဇာတ်ဆောင်ဆု (ကျား/မ) တို့ စာရင်းပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေကြာဇာတ်ကားမှ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ကားဆု ၊ ဇာတ်ညွှန်းနှင့် တည်းဖြတ်ဆုတို့ရရှိခဲ့တဲ့အပေါ် ဝေဖန်ခဲ့ကြပြီး ဒါရိုက်တာဝိုင်း၏ ဆုရကျေးဇူးတင်စကားအပေါ် လူမှုကွန်ရက်တွင် လူအများအပြားက ဝေဖန်ခဲ့ကြပါတယ်။ သူထူးစံက အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တဲ့အပေါ် မုန်းစွဲဇာတ်ကားမှ နေတိုးကို ရစေချင်ကြောင်း ပရိသတ်အများစုကို အကယ်ဒမီပေးပွဲအပြီး မေးမြန်းရာမှာ ဖြေဆိုခဲ့ကြပါတယ်။

ပရိသတ်အများစုက မီ ရုပ်ရှင်ကားနဲ့ ပိုင်ဖြိုးသုကို ထပ်ဆင့်အကယ်ဒမီ ရစေချင်ကြပြီး မအေးသောင်းလို့ အများက ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကိုလည်း ရစေချင်ကြတာပါ။ အထူးသဖြင့် ခီမောင်နှံလို့ ခေါ်တဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်ဇနီးမောင်နှံကိုလည်း ဆုရစေချင်ကြတာကိုလည်း တွေ့မြင်ပါတယ်။ နေတိုးကတော့ မုန်းစွဲကားနဲ့ ပရိတ်သတ်တွေက နံပါတ်တစ် ထင်ကြေး ပေးနေကြတာပါ။ နိုင်ငံတကာမှာ ဆုတွေရထားတဲ့ မုဒြာခေါ်သံဇာတ်ကားဖန်တီးသူ ခီမောင်နှံကိုလည်း အကယ်ဒမီ ဆုအတွက် ခန့်မှန်းထားကြတယ်။

သူတို့တွေက ရုပ်ရှင်အနုပညာ၊ သမ႓ာနဲ့ဖန်တီးစွမ်းအားတွေလည်း မခေသူတွေမို့ ပရိသတ်တွေက မျှော်လင့်မိတာ မဆန်းလှပါဘူး။

ပရိသတ်အနေနဲ့ကလည်း မျှော်လင့်ထားသလိုဖြစ်မလာတဲ့ ဒဏ်ရာတွေဟာ မစိမ်းလှပါဘူး။ ကိုယ်ချစ်တဲ့အနုပညာရှင်တွေကိုရစေချင်တာမို့ မှန်းဆနေကြသလို သူတို့ချစ်တဲ့အနုပညာရှင်တွေကလည်း အနုပညာဘက်မှာ မခေသူတွေမို့ ပရိသတ်ကပေးတဲ့ ရင်ထဲက အကယ်ဒမီကို ရရှိနေပြီးသားပါပဲ။

အကယ်ဒမီပွဲမှာ ပြောစရာဖြစ်တာက ပွဲမတိုင်ခင် ဖိတ်စာတစ်စောင်ကို ပယ်ဖျက်ကြောင်း ရုပ်ရှင်အစည်းအရုံးက ကြေညာခဲ့သော်လည်း အဲဒီဖိတ်စာနံပါတ်နဲ့တူညီနေတဲ့ အွန်လိုင်းဆယ်လီ ကျော်ကျော်နန္ဒ အကယ်ဒမီဆုပေးပွဲကိုပြန်လည်တက်ရောက်ခွင့်ရတာကြောင့် တက်ရောက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့အပြင် သရုပ်ဆောင်ဝေဠုကျော်နဲ့အမှုရင်ဆိုင်နေရတဲ့ အလှမယ်သင်းသင်းကို ဖိတ်စဘယ်ကရလဲလို့ ပွဲမှာ စစ်ဆေးခံခဲ့ရတယ်လို့ သူက မီဒီယာတွေကို ပြောဆိုထားပါတယ်။

အကယ်ဒမီပေးပွဲကတော့ ရုပ်ရှင်တစ်သက်တာဆုနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ သရုပ်ဆောင်ဒေါ်မြင့်မြင့်ခင်က ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး သက်ကြီးအနုပညာရှင်တွေကို ချီးမြှင့်တာလည်း ဖြစ်ပါတယ်။

"ဆုရရှိတဲ့သူငယ်ချင်းများအတွက်ဂုဏ်ယူဝမ်းမြောက်ခြင်းများစွာဖြင့် ....နေတိုး" လို့ လူမှုကွန်ရက်မှာ သရုပ်ဆောင်နေတိုးက အကယ်ဒမီပွဲအပြီး ရေးသားထားပါတယ်။

အကယ်ဒမီ တစ်ကြိုစာရင်းပါ မအေးသောင်း ခေါ် အေဝတ်ရည်သောင်းကတော့ " Congratulations  ပါ ။ အကယ်ဒမီရသွားကြတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံး။ ကိုယ်နဲ့ အတူတူ  Nomination ဝင်ကြတဲ့  အမေစမ်းစမ်းဝင်း၊ ခြူးလေး Congratulation ပါ။” လို့ ဖေ့ဘွတ်ခ်မှာ ရေးသားဂုဏ်ပြုထားပါတယ်။

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်တစ်သက်တာဆုတစ်ဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၁၂ ဆု ချီးမြှင့်ခဲ့ပါတယ်။

အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ(မှော်ဝင်သမန်းကျား)၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ဖွေးဖွေး(ရွှေကြာ)၊ အမျိုးသမီးဇာတ်ပို့ဆုကို အေးမြတ်သူ(နောင်တွင် ဥဒါန်းတွင်စေသတည်း)၊ အမျိုးသားဇာတ်ပို့ဆုကို ကျော်ကျော်ဗို(မုန်းစွဲ)၊ အကောင်းဆုံးဒါရိုက်တာဆုကို သြရသ(မုန်းစွဲ)၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို ဒါရိုက်တာ ဝိုင်း(ရွှေကြာ)၊ နောက်ခံတေးဂီတဆုကို ရှလုံးအမ်ရောနမ်(မျက်နှာပြင်များ)၊အကောင်းဆုံးရုပ်ရှင်ကားဆုကို ငွေသော်တာရုပ်ရှင်ထုတ်ရေး (ရွှေကြာ)၊ ဓာတ်ပုံဆုကို ဝင်းလွင်ထက်(မုန်းစွဲ)၊ ရုပ်ရှင်တည်းဖြတ်ဆုကို ကျော်ခိုင်စိုး(ရွှေကြာ)၊အသံဆုကို ကိုအေး(မုန်းစွဲ)၊ ရုပ်ရှင်တစ်သက်တာဆုကို အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်တို့က အသီးသီးရရှိခဲ့ကြပါတယ်။

အကယ်ဒမီပေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်တို့ တက်ရောက်ခဲ့ပါသေးတယ်။

အကယ်ဒမီပွဲကြီးကတော့ ဝှဲချီး ကျင်းပပြီးပြီဆိုပေမဲ့ အကြောင်းအရာပေါင်းစုံနဲ့ ဂယက်တွေကတော့ လူတိုင်းနှုတ်ဖျားမှာ ကျန်ရစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly