ပေကျင်း၊ မတ် ၂၂ ။ ။ တရုတ်နိုင်ငံအရှေ့ပိုင်းက ဓာတုစက်ရုံတစ်ခုမှာ မတ် ၂၁ ရက်က အကြီးစားပေါက်ကွဲမှုဖြစ်ခဲ့ရာမှာ သေဆုံးသူဦးရေဟာ ၄၄ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၉၀ ကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။
ကျန်စုပြည်နယ် ယန်ချောင်းမြို့မှာရှိတဲ့ တိုင်ကျိယီဓာတုကုမ္ပဏီက လည်ပတ်နေတဲ့ စက်ရုံဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ မိနစ် ၅၀ မှာ အကြီးစားပေါက်ကွဲတာပါ။
ဒီလို ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ပေါက်ကွဲမှုအရှိန််ဟာ အတော်ပြင်းထန်ပြီး တရုတ် ငလျင်စီမံခန့်ခွဲရေးရုံးက အဲဒီ ပေါက်ကွဲတဲ့အချိန်မှာ ပြင်းအား ၂ ဒသမ ၂ အဆင့်ရှိ တုန်ခါမှု ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပေါက်ကွဲရာ စက်ရုံကနေ မီးလုံးကြီးတွေ လိမ့်တက်နေပုံ၊ ဒဏ်ရာရသူတွေနဲ့ အဆောက်အအုံ ပျက်စီးပုံတွေကို လူမှုမီဒီယာမှာ ဓာတ်ပုံတွေ မြင်မကောင်းအောင် တွေ့ရပါတယ်။
အားအရှိန် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံတွေ ပြိုကျခဲ့ပြီး အထဲမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေ ရှိတယ်လို့ ဌာနေမီဒီယာသတင်းတစ်ရပ်က ဆိုပါတယ်။
ဒေသစံတော်ချိန် မတ် ၂၂ ရက် နံနက် သုံးနာရီမှာ မီးကို ထိန်းချုပ်ထားနိုင််ပြီလို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။