ပန်းတွေကို စွဲလန်းတဲ့စိတ်နဲ့ တောင်ဇလပ်ပန်းများရှိရာသို့

ပန်းတွေကို စွဲလန်းတဲ့စိတ်နဲ့ တောင်ဇလပ်ပန်းများရှိရာသို့

ကျနော့်တစ်သက်မှာ ပန်းတွေပွင့်တာကိုကြည့်ပြီး မှင်သက်ငေးမော အံ့သြရူးသွပ်ရတဲ့အဖြစ်ဟာ သုံးကြိမ်ရှိပါတယ်။

တကြိမ်က ၁၉၉၄ ခုနှစ်ထဲ ထိုင်းမြန်မာနယ်စပ် ဖါးအံမြို့နယ်ထဲက တောလမ်းခရီးတစ်ခုမှာ ကြုံခဲ့ရတာပါ။ ကျနော်က တော်လှန်ရေးသမားဘဝနဲ့ ပြည်ပအသံလွှင့်ဌာနတစ်ခုရဲ့ သတင်းထောက်အနေနဲ့ စစ်အစိုးရတပ်တွေနဲ့ နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်တွေ လက်ယှက်ထိုးနေရာယူထားတဲ့နယ်မြေမှာ ခရီးသွားရင်း ကြုံခဲ့ရတာပါ။ ဒီတုန်းက ကျနော့်ကို လိုက်ပါစောင့်ရှောက်ကူညီနေတဲ့ ကရင်တော်လှန်ရေး တပ်ခွဲမှူးလေး ဗိုလ်သိန်းစို်း၊ ရဲဘော်လေး ဝှေ့စာတို့နဲ့အတူ ဒုံသမိချောင်းဘေး ကျုံစိန်ရွာက ပြန်လာကြတာပါ။ လူသွားလမ်းသာရှိတဲ့ခရီးပါ။ တောင်ကုန်းတွေ တောအုပ်တွေကို ဖြတ်ကျော်ရပါတယ်။

တောအုပ်တစ်ခုကိုတွေ့တော့ လပြည့်ညနဲ့တူပါရဲ့ လမင်းကြီးက ထွက်လာပါတယ်။ ဗိုလ်သိန်းစိုးရဲ့အပြောအရ နောက်ထပ် တစ်နာရီလောက်လျှောက်ရင် မဲပလိရွာကိုရောက်မာ အဲဒီရွာမှာပဲ အိပ်ကြမယ်ဆိုတာသိနေပေမယ့် ကျနော်ကတော့ တော်တော်ပင်ပမ်းနေပါပြီ။ မနက်ကတည်းက ထမင်းတစ်နပ်ပဲစားခဲ့ရတာတကြောင်း နေက ခေါင်းကိုဓါးနဲ့ခွဲသလိုပူပြင်းလှတာကတကြောင်းကြောင့် ကျနော့်မှာ ရောက်တဲ့နေရာတွင် ပစ်လှဲချင်လောက်အောင် ပင်ပမ်းနေပါတယ်။

တနေရာရောက်တော့ နက်မှောင်လွန်းတဲ့ ရှိုကလေးတစ်ခုထဲ ဝင်လာကြပါတယ်။ တောအုပ်ကထူတဲ့အပြင် ရေစပ်စပ် ရှိုကလေးထဲဆင်းလာကြရတာဖြစ်လို့ ရှေ့ကလူရဲ့ခြေသံကိုပဲ အသေအချာနားထောင်ပြီး နောက်ကဆက်လျှောက်ရပါတယ်။ ကျနော့်အထင် ရေစပ်စပ်ရှိုကလေးထဲ မိနစ်နှစ်ဆယ်လောက်လျှောက်ခဲ့ရတယ်လို့ထင်ပါတယ်။

ဒီရှိုကလေးဟာ ရင်ငန်းသီးတောကိုဖြတ်တဲ့ရှိုဖြစ်တယ်လို့ဆိုပါတယ်။ တစ်ခါတလေ ဝံတွေလည်း လာပြီး ရင်ငန်းသီးစားလေ့ရှိပါတယ်။ ဝံတွေက ပါးနပ်ကြပါတယ်။ သူတို့ အခွံနွှာစားထားတဲ့ ရင်ငန်းသီးတောဆိုရင် ဘာမှမစဉ်းစားနဲ့ အဲဒါ ရင်ငန်းအချိုသီးပဲလို့ ပြောကြပါတယ်။ ဒါပေမယ့် ကျနော်တို့ရောက်သွားတဲ့အချိန်က ရင်ငန်းသီး သီးတဲ့မှည့်တဲ့အချိန်မဟုတ်လို့ တော်ပါသေးရဲ့လို့ စိတ်ကိုဖြေရပါတယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်ပိတ်အောင်မှောင်နေတဲ့ကြား တစ်ယောက်ခြေသံတစ်ယောက် နားစိုက်ထောင်ပြီးမှ လျှောက်လာနေကြရတာမို့ ကျနော်ကတော့ တော်တော့ကို စိုးရိမ်ခဲ့ထိတ်လန့်ခဲ့ရပါတယ်။

နောက်တော့ ကျနော်တို့လေးယောက် ရှိုကလေးထဲက ထွက်လာနိုင်ခဲ့ကြပါတယ်။ အတူလာကြတာ လေးယောက်အနက်က ကျနော်က တတိယမြောက်နေရာက တန်းစီလျှောက်လာကြတာပါ။ အဲသလိုနဲ့ ရှိုကလေးထဲကအထွက် ကုန်းကမူလေးပေါ်တက်ရပ်လိုက်တယ်ဆိုရင်ပဲ ကျနော့်မှာ မလှမ်းမကမ်း တောင်ကမ်းပါးယံနဲ့ မျက်လုံးဝိုင်းကွင်းကို( ဒီဒေသက တကယ်တော့ မြေပြန့်ကျယ်ကျယ်ပြန့်ပြန့် သိတ်မရှိလှပါဘူး။ ဆိုလိုတာက စပါးကိုထွန်ယက်စိုက်ပျိုးလို့ရလောက်ကျယ်တဲ့မြေ မရှိပါဘူး။ ဒါကြောင့်မို့ ဘော်လုံးကွင်းတစ်ဝက်လောက်ကျယ်တဲ့ ဒီမြေပြန့်ကလေးကိုပဲ အားရဝမ်းသာစိတ်နဲ့ ဒေသခံတွေက မျက်လုံးဝိုင်းအောင်ကြည့်ရတဲ့ကွင်း “မျက်လုံးဝိုင်းကွင်း”အဖြစ် တင်စားပြောဆို ကြတာပါ။

အဲဒီကွင်းအစပ် ကုန်းထိပ်ပေါ်တက်ရပ်လိုက်တယ်ဆိုရင်ပဲ ကျနော့်မှာ နေရာမှာတင်ရပ်ပြီး မြင်ကွင်းကြီးကို အံ့သြမင်သက်ကြည့်မိပါတော့တယ်။ ကွင်းတစ်ခုလုံး တောင်စောင်းကြီးတစ်ခုလုံး ၀ါ၀ါထိန်နေတဲ့ တောရိုင်းနေကြာခင်းကြီးကို လရောင်အောက်မှာ တွေ့လိုက်ရပါတယ်။

ကျနော့်မှာ ရှေ့ဆက်ခရီးသွားဖို့က ရှိနေသေးလို့သာ လမ်းဆက်လျှောက်ရပေမယ့် ဒီ လရောင်အောက်က နေကြာခင်းကြီးကို တစ်သက်လုံးမေ့လို့မရအောင် စိတ်ထဲ စွဲနေခဲ့ရပါတယ်။

နောက်တစ်ခါ အတွေ့အကြုံတစ်ခု ရှိပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ရှမ်းပြည်နောင်ချိုမြို့ကို ကျနော်ရောက်ပါတယ်။ နောင်ချိုမြို့နားက နာမည်ကြီးနေရာတချို့ကို လိုက်ကြည့်ပါတယ်။ အဲဒီတုန်းက နောင်ချိုကနေ ဘန့်ဘွေးကျင်းရေတံခွန်ရှိရာအသွား တနေရာရောက်တော့ ကားလမ်းဘေးနှစ်ဖက် ကားလမ်းကိုအနားကွပ်သလိုပေါက်နေတဲ့တောရိုင်းနေကြာခင်းကိုတွေ့ရပါတော့တယ်။

လှပတဲ့ကားလမ်းကလေးပဲလို့တွေးရင်းကားဆက်စီးလာတော့ ကားလမ်းရဲ့ညာဘက် အနိမ့်ပိုင်းကွင်းတွေဆီမှာ တောရိုင်းနေကြာခင်းတွေ တပြန့်တပြောမြင်ရလို့ ကျနော်က ကားရပ်ခိုင်းပြီး ကွင်းနဲ့အနီးဆုံးအထိသွားပြီး ဓါတ်ပုံရိုက်ပါတယ်။ နောက်တော့ ကားရှိရာ ကားလမ်းမဆီပြန်လာဖို့ လှည့်လိုက်တဲ့အခါ ကားလမ်းပေါ်ကကြည့်ရင် ရုတ်တရက်မမြင်ရအောင် ခြုံတွေ နေကြာပင်တွေကားထားသလိုဖြစ်နေတဲ့ တောရိုင်းနေကြာပန်းတွေ ဖုံးနေတဲ့ တောင်ကုန်းတစ်ခုကို ဘွားကနဲ တွေ့ရပါတော့တယ်။ ကျနော်က အတူလိုက်ပါလာတဲ့ ပန်းချီဆရာမရှားရိုဖေါကို “ဆရာမရေ ဟောဒီမှာအရမ်းလှတဲ့နေကြာတောင်ကုန်းကြီးဗျ” လို့လှမ်အော်ပြောရင်း တောင်ကုန်းနဲ့အနီးဆုံးအထိ မြွေမသိကင်းမသိ ခြုံတွေအတင်းတိုးသွားပြီး ဓါတ်ပုံရိုက်ပါတယ်။ ကားပေါ်ပြန်ရောက်တော့ ကျနော်ရိုက်ထားတဲ့ အဲဒီ နေကြာတွေဖုံးနေတဲ့တောင်ကုန်းပုံကိုကြည့်ပြီး “ဗျတ္တသာဆိုရင် ဘယ်လောက်ဝမ်းသာလိုက်မလည်းဆရာမ” လို့ပြောတော့ ဆရာမရှားရိုဖေါ ကလည်း ချက်ချင်းဆိုသလိုပဲ “ဒါဆို အဲဒီတောင်ကုန်းကို ဗျတ္တတောင်ကုန်း”လို့ ခေါ်ကြရအောင် လို့ပြန်ပြောပါတယ်။ အဲဒီ နေကြာပန်းခင်း နေကြာတောင်ကုန်းမြင်ကွင်းကိုလည်း ကျနော့်မှာ အစွဲလန်းကြီးစွဲလန်းခဲ့ရပါတယ်။


တတိယအကြိမ် စွဲလန်းခဲ့ရတဲ့ ပန်းကတော့ ဟောဒီ ချင်းတောင်ပေါ်က ခေါ်နူးဇုမ်တောင်အသွား လမ်းမှာတွေခဲ့ရတဲ့ တောင်ဇလပ်ပန်းတွေပါပဲ။

ကျနော်က အနုပညာခံစားမှု ရူးသွပ်သူဖြစ်တော့ကာ လှပတဲ့ပန်းတွေကိုတွေ့ရင် အရမ်းကာရော သဘောကျတတ်ပါတယ်။ ဓါတ်ပုံလည်းရိုက် စာလည်းပြန်ရေးတတ်ပါတယ်။ တောင်ဇလပ်ပန်းကြတော့ ကျနော့်မှာ ဒီစာရေးနေတဲ့အချိိန်အထိ ဘာ့ကြောင့် ဒီပန်းက ဒီလောက်လှ ဒီလောက်ထူးဆန်းနေရတာပါလိမ့်လို့ ကြုံကြိုက်တိုင်းတွေးနေမိပါတယ်။

ဆက်လက်ဖတ်ရှုပါရန်

 

 

Mizzima Weekly