တရုတ်နိုင်ငံ ယိုင်လဲအောင် အနောက်အုပ်စုက ခရစ်ယာန်ဘာသာကို အသုံးချနေလို့ စွပ်စွဲ

တရုတ်နိုင်ငံ ယိုင်လဲအောင် အနောက်အုပ်စုက ခရစ်ယာန်ဘာသာကို အသုံးချနေလို့ စွပ်စွဲ
Photo: AFP

ပေကျင်း၊ မတ် ၁၈ ။        ။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ပါဝါ ယိုင်လဲအောင် အနောက်အုပ်စုထဲက တရုတ်ဆန့်ကျင်တဲ့ အုပ်စုတွေဟာ ခရစ်ယာန်ဘာသာကို အသုံးချနေကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောဆိုပြီး ဝတ်ပြုဆုတောင်းသူတွေအနေနဲ့ ဘာသာရေးမှာ တရုတ်စံပုံစံအတိုင်း လိုက်နာရမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဝင် ဘာသာမဲ့အစိုးရဟာ ဘာသာရေးအုပ်စုတွေကို နိုင်ငံပိုင် အသင်းအဖွဲ့တွေကနေတစ်ဆင့် ထိန်းချုပ်ကွပ်ကွဲနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ကိုးကွယ်ရာ ဘာသာအယူဝါဒ အားလုံးအပေါ် တင်းကြပ်လာခဲ့ပါတယ်။

“အနောက်အုပ်အတွင်းက တရုတ်ဆန့်ကျင်တဲ့ အင်အားစုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး တည်ငြိမ်မှုကို ခရစ်ယာန်ဘာသာကနေ အသုံးချပြီး သြဇာလွှမ်းမိုးနိုင်အောင် ကြိုးစားနေကြတယ်။ ဒီအပြင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအင်အားကို ယိုင်နဲ့အောင်လည်း လုပ်နေကြတယ်။”လို့ ပရိုတက်စတင် ဘုရားကျောင်းတွေကို ထိန်းချုပ် ကွပ်ကဲနေတဲ့ အစိုးရ ကျောထောက်နောက်ခံပြု အမျိုးသား သုံးဦးသုံးဖလှယ် မျိုးချစ်လှုပ်ရှားမှု ကော်မတီ ဥက္ကဌဖြစ်သူ စူရှောက်ဟောင်က တနင်္လာနေ့မှာ ပြောပါတယ်။

နိုင်ငံမှာ အကြီးဆုံး အတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် CPPCC ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ စူရှောက်ဟောင်က တရုတ်နိုင်ငံထဲ ခရစ်ယာန်ဘာသာကို သွပ်သွင်းလာခြင်းဟာ အနောက်အုပ်စုရဲ့ လွန်ကဲတဲ့ ကိုလိုနီပြု ကျုးကျော်မှုပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ခရစ်ယာန်ဘာသာထဲ တရုတ် ယဉ်ကျေးမှုကို သမမျှတစွာ ထည့်သွင်းစေခြင်းကပဲ တရုတ်ပြည်သူတွေအတွက် သင့်လျော်လျှောက်ပတ်လိမ့်မယ်လို့လည်း ၎င်းက ပြောပါတယ်။
ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် သံတမန် ဆမ်ဘရိုးဘတ်က တရုတ်အစိုးရဟာ မွတ်စလင်ဝီဂါတွေ၊ တိဗက်ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန်တွေအပေါ် ဖိနှိပ်ရင်း ကိုးကွယ်ရာ ဘာသာအယူဝါဒနဲ့ စစ်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ စူရှောက်ဟောင်က တုံ့ပြန်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံအနေနဲ့ ဗာတီကန်နဲ့ ဆက်ဆံရေးကို ရှေ့တိုးဖော်ဆောင်သွားဖို့ ဆန္ဒရှိနေကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly