မန္တလေးသင်္ကြန်တွင် ပျံကျစျေးသည်များ လိုင်စင်လျှောက်ထားရမည်

မန္တလေးသင်္ကြန်တွင် ပျံကျစျေးသည်များ လိုင်စင်လျှောက်ထားရမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၁၈ ။      ။ သင်္ကြန်ကာလအတွင်း ကျုံးဘေးပတ်ပတ်လည်၌ ပျံကျရောင်းချမည့် စျေးသည်များအနေဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီသို့ စျေးရောင်းချခွင့်လိုင်စင်များ လျှောက်ထားရမည်ဟု ကော်မတီဝင် ဦးကျော်ဆန်းမြင့်(ကျော်ရင်မြင့်)ကပြောသည်။

စျေးရောင်းချမည့်သူများအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနတွင် ဧပြီလ ပထမပတ်၌ မှတ်ပုံတင် မိတ္တူဖြင့် လာရောက်လျှာက်ထားရမည်ဖြစ်ပြီး စျေးရောင်းချခွင့် လိုင်စင်သတ်မှတ် ကြေးမှာ စျေးသည် တစ်ဦးလျှင် ငါးထောင်ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လိုင်စင်လျှောက်ထားသူများအနေဖြင့် မိမိရောင်းချလိုသည့်နေရာကိုသာ လျှောက်ထားရမှာဖြစ်ပြီး ရောင်းချခွင့်နေရာကို စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးသွားမှာလည်းဖြစ်သည်။

မန္တလေးသင်္ကြန်တွင် အရက်၊ဘီယာနှင့် မူးယစ်စေတတ်သောအရာများကို ရောင်းချခွင့်ပိတ်ပင်ထားမှာဖြစ်ပြီး သင်္ကြန်ကာလအတွင်း စစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်ကြောင်း သတ်မှတ်ပေးထားသည့် လိုင်စင်ကတ်များကို လည်း၌ ထင်သာ မြင်သာဆွဲထားရမည်ဟု သတ်မှတ်ထားသည်။

ယခုကဲ့သို့ ပျံကျစျေးသည်များကို စည်းကမ်းသတ်မှတ်ပေးပြီး လိုင်စင်ထုတ်ပေးရခြင်းမှာ သင်္ကြန်သို့ လာရောက်လည်ပတ်ကြသည့် အများပြည်သူများ စိတ်အနှောက်အယှက်မဖြစ်စေရန် လမ်းများမပိတ်ရန် အတွက် ရည်ရွယ်ပြုလုပ်ခြင်းလည်းဖြစ်သည်။

စျေးရောင်းချခွင့် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ စျေးရောင်းချနေသည်ကို တွေ့ရှိပါက ဒဏ်ရိုက်သွားမှာဖြစ်ပြီး ပျံကျစျေးရောင်းချသူများအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနသို့ လိုင်စင် လာရောက်လျှောက်ထားကြရန် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required