အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြအကြမ်းဖက်မှုတွေ တစ်ကျော့ပြန် ဖြစ်လာတာကြောင့် ပြင်သစ်အစိုးရ ဖိအားတွေနဲ့ ရင်ဆိုင်နေရ

အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြအကြမ်းဖက်မှုတွေ တစ်ကျော့ပြန် ဖြစ်လာတာကြောင့် ပြင်သစ်အစိုးရ ဖိအားတွေနဲ့ ရင်ဆိုင်နေရ

ပါရီ၊ မတ် ၁၈ ။       ။ ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကြီး ရွှန်းအီလိဆေးရိပ်သာလမ်းမကြီးမှာ အပေါ်အင်္ကျီအဝါဝတ် ဆန္ဒပြသူတွေဟာ အကြမ်းဖက်လုပ်ရပ်တွေအဖြစ် မီးရှို့တာတွေ၊ စျေးဆိုင်ခန်းတွေကို ဝင်စီးနင်းတာတွေ ကျူးလွန်ကြတာကြောင့် တရားဥပဒေစိုးမိုးရေးကို ပျက်ကွက်တယ်ဆိုပြီး တနင်္ဂနွေနေ့မှာ ပြင်သစ်အစိုးရဟာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စနေနေ့မှာ တစ်ကျော့ပြန်ဖြစ်ပွားပေါ်ပေါက်လာတဲ့ အဝါဝတ်ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက ဒေါသတကြီး ဖျက်လိုဖျက်ဆီး လုပ်ကြပြီး မီးရှို့တာတွေပါ လုပ်ဆောင်တာကြောင့် ရိပ်သာလမ်းမကြီးက စျေးဆိုင်ခန်းနဲ့ ရုံးခန်းတွေ ၈၀ လောက်အထိ ပျက်စီးခဲ့ရတယ်လို့ ဆိုင်ရှင်တွေက ပြောကြပါတယ်။

အခုလို အဝါဝတ် ဆန္ဒပြမှုတွေဟာ သီတင်းပတ်ကြာ တစ်စစ အင်အားနည်း လျော့ပါးလာခဲ့ရာကနေ တမြန်နေ့က စနေနေ့မှာတော့ တစ်ကျော့ပြန် အင်အားကြီးထွားလာပြီး အကြမ်းဖက်မှုအသွင်ပါ ကူးပြောင်းသွားခဲ့တာပါ။

လောင်စာဆီ စျေးနှုန်း မြှင့်တင်တာကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ နိုဝင်ဘာလလယ်ကစပြီး စနေ၊ တနင်္ဂနွေနေ့တိုင်း သီတင်းပတ်တိုင်း ဖြစ်ပွားနေတာပါ။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအသွင် ကူးပြောင်းခဲ့တဲ့ ဒီဆန္ဒပြမှုတွေဟာ နောက်ပိုင်း သီတင်းပတ်တွေမှာ အင်အား လျော့နည်းလာခဲ့ပေမယ့် ၁၈ ပတ်မြောက်အဖြစ် ပေါ်ပေါက်တဲ့ ခု ဆန္ဒပြမှုက တစ်ကျော့ပြန် အင်အားကြီးထွားလာတာပဲ ဖြစ်ပါတယ်။

“ဒီမှာ အကြမ်းဖက်လုပ်ရပ်တွေကို ကြုံနေရတယ်။ ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်ပြီးရင် ကျွန်တော်တို့မှာ လိုက်လံရှင်းလင်းနေရတယ်။ ဒီနေရာ နေထိုင်လုပ်ကိုင်နေသူတွေ စိတ်အေးလက်အေး စိတ်ချလက်ချ နေလို့ရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။”လို့ ဌာနေ အသင်းအဖွဲ့ဖြစ်တဲ့ ရွှန်းအီလိဆေးကော်မတီ အကြီးအကဲ ဂျင်းနိုအယ်ရိန်းဟတ်ဒ်က ပြောပါတယ်။
“အာဏာပိုင်တွေအနေနဲ့ ဒီအခြေအနေကို အဆုံးသတ်နိုင်အောင် လုပ်ကိုလုပ်ရတော့မယ်။”လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly