မတ် ၁၇ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ လေသေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံထားရပြီး ဒဏ်ရာအပြင်းအထန် ရနေခဲ့တဲ့ အော်ရင်ဂူတန် မျောက်ဝံကြီးတစ်ကောင်ကို တွေ့ရှိကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၆ ရက်မှာ ပြောပါတယ်။
ယင်းမျောက်ဝံမကြီးကတော့ လေသေနတ်ကျည် ၇၄ ချက် ထိမှန်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ မျောက်ဝံမကြီး ကိုတော့ ပြီးခဲ့တဲ့ အပတ် မတ်လ ၁၀ ရက်က အာချေးပြည်နယ်မှာ ဒဏ်ရာအပြင်းအထန် ရလျက်သား တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒေသခံ ရွာသားတစ်ချို့ရဲ့ သတင်းပေးမှုကြောင့် တာဝန်ရှိသူတွေ သွားရောက်ကယ်တင်ပေးခဲ့ရပါတယ်။
ယင်း ပြည်နယ်က ဒေသခံတစ်ဦး ပိုင်ဆိုင်တဲ့ စိုက်ခင်းတစ်ခုရဲ့ အပင်တစ်ပင်အောက်မှာ အဆိုပါ ဒဏ်ရာရနေတဲ့ မျောက်ဝံမကြီးကို သူမရဲ့တစ်လသားအရွယ် သားငယ်လေးနဲ့အတူ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
တွေ့ရှိစဉ်က အခြေအနေ အတော့်ကို စိုးရိမ်ခဲ့ရပေမယ့် ယခုအခါမှာ ယင်း မျောက်ဝံမကြီးဟာ တစ်ဖြည်းဖြည်း ပြန်လည်သက်သာ ကောင်းမွန်လာနေပြီလို့ သိရပါတယ်။ ဒါပေမယ့် သူမရဲ့ သားငယ် မျောက်ဝံပေါက်လေးကတော့ အာဟာရချို့တဲ့မှုနဲ့ပဲ မကြာမီ သေဆုံးသွားခဲ့ပါတယ်။
“ ဒီ အော်ရင်ဂူတန်တွေက ရွာသားရဲ့ စိုက်ခင်းထဲ ရောက်လာခဲ့ပါတယ်၊ သူတို့ကို အန္တရာယ်လို့ မြင်တဲ့အတွက် ဒီအခင်းပိုင်ရှင်ကလည်း မောင်းထုတ်ဖို့ ကြိုးစားခဲ့တာပါ” လို့ အာချေးပြည်နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ ဆာပ်တို အာဂျီ ပရာဘို၀ိုက ပြောသွားပါတယ်။
အဆိုပါ အော်ရင်ဂူတန် မျောက်ဝံတွေကတော့ မျိုးသုဉ်းအန္တရာယ်နဲ့ ကြုံတွေ့နေရပြီး လက်ရှိ တစ်ကမ္ဘာလုံးမှာမှ စုစုပေါင်း အကောင်ရေ ၁၀၀,၀၀၀ လောက်သာ ကျန်တော့ကြောင်း နိုင်ငံတကာ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂက ထုတ်ပြန်ထားပါတယ်။