ကုန်တင်သင်္ဘော ဆီယိုဖိတ်မှု ပြင်သစ်အာဏာပိုင်တွေ ရှင်းလင်း

By AFP
17 March 2019
ကုန်တင်သင်္ဘော ဆီယိုဖိတ်မှု ပြင်သစ်အာဏာပိုင်တွေ ရှင်းလင်း

မတ် ၁၇ ။          ။ ပြီးခဲ့တဲ့ သီတင်းပတ်က အီတလီကုန်တင်သင်္ဘောတစ်စင်း ပြင်သစ်ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှာ နစ်မြုပ်မှု ဖြစ်ခဲ့ပြီးနောက် သင်္ဘောပေါ်မှာ တင်ဆောင်လာခဲ့တဲ့ ဆီ တန်ချိန်ပေါင်းများစွာကို ပင်လယ်ထဲ ရောက်ရှိစေခဲ့ပါတယ်။

ယင်း သင်္ဘောပေါ်က ဆီတွေ ပင်လယ်ထဲ ယိုဖိတ်ရောက်ရှိကာ ယခုသီတင်းပတ်ကုန်အတွင်း ပြင်သစ်ကမ်းရိုးတန်းဆီ စုပုံရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ပြင်သစ် တာဝန်ရှိသူတွေ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြရလျက် ရှိပါတယ်။

နစ်မြုပ်သွားခဲ့တဲ့ အီတလီကုန်သင်္ဘော Grande America ကတော့ လောင်စာဆီ တန်ချိန်ပေါင်း ၂,၂၀၀ အပြင် ကားစီးရေ ၂,၀၀၀ ၊ ကွန်တိန်နာအလုံးပေါင်း ၃၆၅ လုံးတို့ကိုပါ တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ ယင်း ကွန်တိန်နာတွေအနက် ဟိုက်ဒရိုကလိုရစ် အက်ဆစ် နဲ့ ဆာလဖျူရစ်အက်ဆစ်တို့လို အန္တရာယ်ရှိပစ္စည်း တန်ချိန်များစွာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ အခြေအနေက တော်တော်လေးအန္တရာယ်များပါတယ်၊ တတ်နိုင်သလောက် ထိန်းသိမ်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ ကျွန်တော်တို့ကမ်းရိုးတန်းတွေဆီ ဒီညစ်ညမ်းမှုရဲ့ သက်ရောက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်နေပါတယ်”  လို့ ပြင်သစ် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဖရန်ဆွာ ဒီ ရက်ဂီက ပြောပါတယ်။

၂၁၄ မီတာ ရှည်တဲ့ ယင်း အီတလီ  သင်္ဘောဟာ ဂျာမနီ နိုင်ငံ ဟမ်းဘာ့ဂ် မြို့ကနေ မော်ရိုကို ဆီ ဦးတည်ခုတ်မောင်းလာခဲ့စဉ် ပြီးခဲ့တဲ့အပတ်က သင်္ဘောပေါ် မီးလောင်ပြီး နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

သင်္ဘော မနစ်မြုပ်ခင် သင်္ဘောပေါ်ပါရှိသူ ၂၇ ဦးစလုံးကို ဘေးကင်းစွာ ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly