မကွေး၊ မတ် ၁၂ ။ ။ မကွေး-ရန်ကုန် လေယာဉ်ခရီးစဉ်ကို ၂၀၁၉ခုနှစ် ဧပြီလကုန်မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ် စမ်းသပ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အကြောင်း ကြားစာ ပေးပို့ခဲ့သည်။
မကွေးလေဆိပ်သို့တစ်ပတ်လျှင် (၂)ကြိမ် လေယာဉ်ခရီးစဉ်ပြေးဆွဲပေးပါရန် တိုင်းအစိုးရမှ ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။
မကွေး-ရန်ကုန်-မကွေး လေယာဉ်ခရီးစဉ်သည် ခရီးသည် ရရှိမှုနည်းပါးနိင်ပြီး ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု မကာမိနိင်သော်လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် Caravan အမျိုးအစား လေယာဉ်ဖြင့် ရန်ကုန်-မကွေး ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၈နာရီမှ ၉နာရီ ၃၀ အထိလည်းကောင်း မကွေး-ရန်ကုန် ခရီးစဉ်ကို နံနက် ၁ဝနာရီမှ ၁၁နာရီ ၃ဝအထိလည်းကောင်း ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စမ်းသပ်ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။
“လေယာဉ်ဆင်းမယ်ဆို ကြိုဆိုပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဘာမှမသိရသေးဘူး” ဟု မကွေးလေဆိပ် တာဝန်ခံ မန်နေဂျာ ဦးမင်းအောင်က ပြောသည်။
မကွေးလေဆိပ်သည် မကွေး-နတ်မောက် ကားလမ်းမ ဆားတိုင်းကန်ကျေးရွာနှင့် ကံလှကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၀၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၀၃ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လေယာဉ်ကွင်း၏ အကျယ်မှာ ပေ(၂၀၀)၊ အရှည် ပေ(၈၅၀၀)ရှိကြောင်း သိရသည်။ သို့သော် ၂၀၀၈ခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် လေယာဉ်အတက်အဆင်း ရပ်နားခဲ့ကြောင်း သိရသည်။