"ဆေးသုံးတိုင်း ဆေးစွဲတာ မဟုတ်ဘူး"

"ဆေးသုံးတိုင်း ဆေးစွဲတာ မဟုတ်ဘူး"
 စောမွန်အသင်းမှ ဒေါက်တာထွေးကြူနှင့် တွေ့ဆုံမေးမြန်းခြင်း

မူးယစ်ဥပဒေတွင် အစိုးရ၏ မူးယစ်ဆေးဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အချက်တချို့ ပါဝင်နေသဖြင့် ထပ်မံ ပြင်ဆင်သင့်သည်ဟု စောမွန်လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာထွေးကြူက ပြောသည်။

မူးယစ်ဆေးဆိုင်ရာ မူဝါဒ၊ ဥပဒေတို့နှင့် ပတ်သက်ပြီး လေ့လာနေသည့် စောမွန်အသင်းက  အစီရင်ခံစာတစ်စောင် မကြာသေးခင် ထုတ်ဝေလိုက်ပြီး ထိုအစီရင်ခံစာတွင် မူးယစ်ဆေးဥပဒေကို ထပ်မံပြင်ဆင်သည့်ကြောင်း တိုက်တွန်းထားသည်။

Myanmar Now သတင်းထောက် ခင်မို့မို့လွင်နှင့် တွေ့ဆုံစဉ်  ဒေါက်တာထွေးကြူးက မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး နည်းလမ်းတချို့အကြောင်း ပြောပြထားသည်။

မေး -  မနှစ်ကမှ ပြင်ဆင်လိုက်တဲ့ ဥပဒေကို ဘာကြောင့် ထပ်ပြင်ဖို့ လိုအပ်တာလဲ။

ဖြေ -  အဓိကက ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတာတွေရယ်၊ အတင်းအဓမ္မ မဖြစ်မနေ ဆေးကုသမှု ခံယူဖို့ တည်ထားတဲ့ လမ်းကြောင်းတွေ ရှိတယ်။   ဆေးသုံးတဲ့လူတစ်ယောက်က မိမိဆန္ဒအရ ဆေးကုသမှု ခံယူူတာကို အားပေးရမယ်ဆိုပြီး မူဝါဒ က ဒီလို ပြောတယ်။   ဥပဒေကတော့ ဆေးသုံးတဲ့သူကို သူ့အိမ်သူ ထိုင်နေလည်း  စာရင်းကောက်ထားပြီဆိုတော့ နေလို့ မရဘူး။ ဆေးသုံးတယ်လို့ သံသယ ရှိလို့ တစ်ယောက်ယောက်က ရဲသတင်းပေးရင်လည်း ရဲက သိမှာပဲ။ ရဲက သူ့ကို ဆေးကုသခံဖို့ သွားခိုင်းမယ်။ မခံဘူးဆို တရားရုံးကို သွားပြီးတော့ ခံဝန်ချက် ချုပ်မယ်ဆိုတာမျိုး လုပ်ထားတယ်။ မကုဘဲ နေလို့ မရတော့အောင် ဒီလမ်းကြောင်းက ပေးထားသလိုမျိုး ဖြစ်နေတယ်။ မိမိဆန္ဒထက် ဥပဒေကြောင်းအရ ဒီလို ဖြစ်သွားတယ်။

မေး -  မူးယစ်ဆေးဝါး သုံးရင် ဆေးကုဖို့ လိုအပ်တာပဲ မဟုတ်ဘူးလား။ လူတွေ ဒီလိုပဲ နားလည်ထားတာပဲ။

ဖြေ -      နိစ္စဓူဝ ဘဝမှာ မဖြစ်မနေ စွဲနေတဲ့သူက ကုဖို့ လိုတာ။ ဆေးသုံးတိုင်း ဆေးစွဲတာ မဟုတ်ဘူး။ ဆေးသုံးတယ် ဆိုတာနဲ့ ဆေးကုဖို့ ဆိုတာက အားလုံးကို ဥပဒေအရ သတ်မှတ်လိုက်သလို ဖြစ်သွားတယ်။ ကာယကံရှင်ကို ရွေးချယ်ခွင့်ပေးတာမှာ အိန္ဒိယမှာ ၁၉၈၅ ခုနစ်က ပြဋ္ဌာန်းတဲ့ ဥပဒေမှာတောင် ရွေးချယ်ခွင့်ပေးတယ်။ သူတို့က ဆေးစွဲတဲ့သူ (မူးယစ်)ဆေးတွေနဲ့ တွေ့တယ်။ သို့ပေမဲ့   သူက ဆေးကုသမှု ခံပါ့မယ်လို့  ကတိပေးလိုက်တယ်ဆို သူ့ကို  အရေးယူမယ့်အစား လွှတ်ပေးလိုက်တယ်။ ထောင်မချတဲ့ အခြား နည်းလမ်းလေးတွေကို   ကျင့်သုံးတာ ရှိတယ်။ ကျွန်တော်တို့ဆီမှာ  အခြားသော နည်းလမ်းဆိုတာ မရှိဘူး။

မေး - ပြင်ဖို့ လိုနေတဲ့ အချက်တွေက ဘာတွေလဲ။

ဖြေ -   ပြစ်မှု ပြစ်ဒဏ် အချိုးမကျတဲ့ အပိုင်းတွေ၊ မိမိဆန္ဒအလျောက် ကုသမှု ခံနိုင်တဲ့ လမ်းကြောင်းတွေ၊  အဖွဲ့အစည်းပေါင်းစုံနဲ့ ချိတ်ဆက်ပြီးတော့ အလွယ်တကူ လုပ်လို့ ရအောင် လုပ်တဲ့အပိုင်းတွေ ၊ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အပိုင်းတွေ   ပြင်ဖို့ လိုတယ်။

မေး -  မူးယစ်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူထားရာကနေ အစိုးရအဖွဲ့အောက်ကို ပြောင်းဖို့ တိုက်တွန်းကြတာ  ဘာကြောင့်လဲ ရှင့်။

ဖြေ - ဥပဒေအရ မူးယစ်ဗဟိုအဖွဲ့ကို ဖွဲ့ရမှာဆိုတော့ သူက အဓိက အဖွဲ့ကြီးပေါ့။  အဲဒီအခါကျတော့ မူးယစ်ဗဟိုအဖွဲ့ တာဝန်ကို ပြည်ထဲရေးက ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူရမယ်။ မူးယစ် ဗဟို အဖွဲ့ ရုံးကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှာပဲ ထားပြီး သူတို့ တာဝန် ယူရမယ်။

အစားထိုးဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ဧရိယာတွေ ဖြစ်ပြန်ရော။ အဲဒီနယ်ပယ်ကို အလုပ်လုပ်ဖို့ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေတဲ့အတွက် ပြည်ထဲရေးအနေနဲ့ဆိုရင် ပြည်ထောင်စု အစိုးရကို ခွင့်တောင်းရတာ၊ တပ်မတော်ကို ချိတ်ဆက်ခွင့်တောင်းရတာ၊  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကော်မတီကို ချိတ်ဆက်ရတာ ရှိမယ်။ အဆင့်ဆင့် ချိတ်ဆက်နေရတာ ရှိမယ်။ သီးခြားအဖွဲ့ဆိုရင်တော့ တိုက်ရိုက် သွားလို့ ရတယ်ဆိုတဲ့ သဘောပေါ့။

ကျွန်တော်တို့ လုပ်ငန်းဆောင်တာ ရှုထောင့်အရ ကြည့်မယ်ဆို မူးယစ်ဆေးဝါး လုပ်ငန်းသည် တားဆီးရေးတင် မဟုတ်ဘူး တိုက်ဖျက်ရေး၊  ကျန်းမာရေး၊  လူမှုရေး၊  စီပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အကုန်လုံး ကဏ္ဍပေါင်းစုံနဲ့ ဆက်စပ်နေတယ်။ ပြည်ထဲရေးရဲ့ သဘာဝက နဂိုကတည်းက လူထုလုံခြုံရေးနဲ့ အေးချမ်းရေးဘက်ကို ဦးတည်ပြီးတော့ သူ့ဟာနဲ့သူ အလုပ်ရှုပ်နေတယ်။ အဲ့ဒီကြားထဲမှာ ဒီကိစ္စကြီးတစ်ခုလုံးက သူ့အပေါ် ရောက်သွားတယ်။ လုပ်ငန်းသဘာဝအရလည်း အလုပ်ထပ်ပိသလို ဖြစ်နေတယ်။   ဝန်ကြီးဌာနတွေက အများကြီးရှိတယ်လေ။  သူကလည်း အဲဒီထဲက ဝန်ကြီးဌာနတစ်ခု ဖြစ်နေတယ်။ ဗဟိုအဖွဲ့မှာ  တခြား ဝန်ကြီးဌာနတွေကလည်း ပါနေတော့ သူက ဗဟိုအဖွဲ့က လုပ်ငန်းသဘာဝအရ ညွှန်ကြားချက်တွေ ထုတ်ရမယ်။ အမိန့်တွေ ထုတ်ရမယ်။  ဝန်ကြီးဌာန အချင်းချင်း စာတွေ ထုတ်နေပြီးတော့ သူက ပြန်အမိန့်ပေးရသလို ဖြစ်နေတယ်။   အဲဒီတော့  ပိုပြီးတော့ သွက်သွက်လက်လက် ဖြစ်အောင် သဘာဝကျတာက အစိုးရအဖွဲ့အောက်မှာ သီးခြားဖွဲ့ ၊ ဖွဲ့ပြီးတော့ သက်ဆိုင်ရာ လူတွေနဲ့ သီးခြား ဖွဲ့စည်းထားလိုက်တယ်ဆို ရှင်းရော။

မေး - တခြားနိုင်ငံတွေမှာရော ဘယ်လို မျိုးဆောင်ရွက်လဲ။

ဖြေ - ယိုးဒယားမှာလည်း သီးခြားဖွဲ့စည်းပြီး လုပ်တယ်။ နောက် ဖိလစ်ပိုင်မှာလည်း ဖွဲ့စည်းပြီး သမ္မတ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာ ထားတယ်။ အင်ဒိုနီးရှားလည်း ဒီလိုပဲ။ ပေါ်တူဂီတို့ ဘာတို့ ဆိုရင်လည်း ဝန်ကြီးချုပ် ဥက္ကဋ္ဌ လုပ်ပြီးတော့ အောက်မှာ ဝန်ကြီးတွေ ပါတဲ့ ကောင်စီထားတယ်၊ ကောင်စီအောက်မှာမှ ကော်မရှင် သပ်သပ် ဖွဲ့ပြီးတော့ အမျိုးသားမဟာဗျူဟာကို အကောင်အထည် ဖော်တာပေါ့။

မေး -   မူးယစ်ဆေးဝါးပြဿနာက   သိသာ ထင်ရှားနေတာလည်း ကြာပြီ။ ၁၉၉၃ ခုနစ်က ဥပဒေကို ၂၅ နှစ်ကြာပြီး   ပြင်ဆင်တဲ့အခါမှာလည်း ဒေါက်တာထွေးကြူပြောသလို လိုအပ်ချက်တွေ ရှိနေတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

ဖြေ -    သူတို့ အချိတ်အဆက် မမိခဲ့တာတွေလည်း ရှိမယ်။ မူဝါဒနဲ့ ဥပဒေနဲ့ကို ချိတ်ဆက်ပြီး လုပ်မယ်ဆိုတာလည်း အားနည်းခဲ့မယ်။ ဘာကြောင့်လဲ။ ဥပဒေကလည်း အရင်ကတည်းက ရှိမယ်။ ဥပဒေ ပြင်တဲ့သူကလည်း ပြင်မယ်။ မူဝါဒဆွဲတဲ့သူကလည်း ဟိုဘက်မှာ ဆွဲသွားတယ်။ ဒါပေမဲ့ အဲ့ဒီနှစ်ခုက ကိုက်ညီနေမှ အဆင်ပြေမယ်။ ညှိနှိုင်းဆောင်ရွက်မှု အားနည်းခဲ့တာလည်း ပါတာပေါ့။ ပြင်မယ်ဆို သက်ဆိုင်ရာရော၊ လူထုရောက သဘောပေါက်နားလည်မှုတွေ အားနည်းခဲ့တာ။ တချို့က ဆေးသုံးလို့ အရေးမယူဘူးတော့ လက်ခံတယ်၊ ဒါပေမဲ့ အဲဒီလို တစ်ကိုယ်ရေ သုံးစွဲမှုအတွက် ပမာဏဆိုတာကို နားမလည်တော့ လက်မခံကြဘူး ဆိုတာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့   ပုဒ်မ ၁၅ ဖြုတ်ပြီးတော့ ထောင်တော့ မချတော့ဘူး။ သို့ပေမဲ့  ရာဇဝတ်မှု ပြစ်ဒဏ်တွေ သွားချတယ်။ နိုင်ငံတကာမှာ ဥပမာ ပေါ်တူဂီတို့ ဘာတို့က တစ်ကိုယ်ရေ ပမာဏ သတ်မှတ်ထားတယ်။ သတ်မှတ်ထားတယ်ဆိုတာ ကိုင်သွားခွင့်ပေးတာ မဟုတ်ဘူး။ တစ်ကိုယ်ရေ ပမာဏကို ၁၀ ရက်ထိ ထားခွင့်ပေးတယ်။ အဲ့ဒီ (ပမာဏ) အထက်ဆို ရောင်းချရန်အတွက်ဆိုပြီး အရေးယူတယ်၊ အဲ့ဒီအောက်ဆိုရင် ရာဇဝတ်မှုနဲ့ အရေးမယူဘူး။ ဒါပေမဲ့ သူ ဆေးကို ထားခွင့်ပေးတာ မဟုတ်ဘူး။ အကုန်လုံးသိမ်းတာ။ ပြီးတော့မှ စောင့်ကြည့်မယ်။ အဲ့ဒီကြားထဲမှာ စည်းကမ်းလိုက်နာလား ဒီလိုမျိုးသွားတာ။

မေး - အခုဆို ဒေါက်တာထွေးကြူတို့က မနှစ်က ပြင်ဆင်လိုက်တဲ့ မူးယစ်ဥပဒေအပေါ် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒနဲ့ ယှဉ်တွဲ သုံးသပ်ချက် ထုတ်ပြီးသွားပြီ။ နောက်ထပ် ဘာတွေ ထပ် ဆောင်ရွက်ဖို့ စီစဉ်ထားလဲ။

ဖြေ -   ပြင်ဖို့ လိုသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့ နေပြည်တော်မှာလည်း မိတ်ဆက်ပြီးတော့ အသိပေးရှင်းလင်းတာတွေ လုပ်မယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေလည်း ပါမှာ။  သမ္မတက အခု မူးယစ်နဲ့ ပတ်သက်ပြီး ကိုင်တွယ်တယ်ဆိုပေမဲ့ ဥပဒေအခင်းအကျင်းထဲကနေ သူ လုပ်လို့ ရသလောက်ပဲ လုပ်မှာလေ။ ဒါကြောင့် ကျွန်တော်တို့က ဒီလို ဖြစ်စေချင်တယ်ဆိုပြီး ပြောတယ်။ ဥပမာ သဘာဝဘေးအန္တရာယ်ဆိုရင် ဒုသမ္မတက သီးခြားလုပ်တယ်။ အဲဒီလိုမျိုး အစီအစဉ် တွေလည်း လုပ်လို့ ရတယ်။ (မြန်မာနိုင်ငံမှာ)  အပြောင်းအလဲတွေ လုပ်ပေမဲ့ ရုတ်တရက် အပြောင်းအလဲတွေချည်းပဲ။ သက်ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်တာကို အများနားလည်ဖို့ လိုတယ်။ လုပ်ပေးမယ့် လူတွေ ဘက်ကလည်း လိုသလို လူထုဘက်က နားလည်ဖို့ လိုတာပေါ့။ ဒါမှ အသိပညာပေးတာ၊ နားလည်အောင် လုပ်ပေးတာ၊ အစီအစဉ်တွေ ဒါတွေနဲ့ တွဲပြီး သွားမှ ပိုကောင်းမယ်။  ။

Mizzima Weekly