စာစစ်ဌာန မှားရောက်လာသော ကျောင်းသားတစ်ဦးကို ယာဉ်ထိန်းရဲက အချိန်မီကူညီနိုင်ခဲ့

စာစစ်ဌာန မှားရောက်လာသော ကျောင်းသားတစ်ဦးကို ယာဉ်ထိန်းရဲက အချိန်မီကူညီနိုင်ခဲ့
ဓာတ်ပုံ- Yangon Traffic Police

ရန်ကုန်၊ မတ် ၆ ရက် ။               ။ ၂၀၁၈- ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ရန်ကုန်မြို့အတွင်းက ကျောင်းသားတစ်ဦးသည် စာစစ်ဌာနမှားပြီး အထက(၂) စမ်းချောင်းသို့ ရောက်ရှိလာသောကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အဆိုပါကျောင်းသား ဖြေဆိုရမည့် အထက (၁) ကြည့်မြင်တိုင်သို့ အချိန်မီရောက်အောင် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့တွင် စတင်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ၎င်းကျောင်းသား၏ မှားယွင်းစွာ ရောက်ရှိလာမှုကြောင့် ယာဉ်ထိန်းများအနေဖြင့် မီးတန်းဖွင့်ကာ လိုက်ပို့ခဲ့ရခြင်း ဖြစ်သည်။

အလားတူဖြစ်ရပ်မှာ ယခင်နှစ်ကလည်း ခပ်ဆင်ဆင် ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က ဝင်ခွင့်ကတ်မေ့ကျန်ခဲ့သော ကျောင်းသားတစ်ဦးအတွက် ယာဉ်ထိန်းရဲက ထိုကျောင်းသား၏ နေအိမ်ကို သွားရောက်ကာ ယူပေးခဲ့ရ သေးသည်။

တက္ကသိုလ်ဝင်စာမေးပွဲကာလများတွင် ယာဉ်ထိန်းရဲများ၊ မီးသတ်များ၊ ကြက်ခြေနီသူနာပြုများ ၊ ပြည်ထဲရေး ဝန်ထမ်းများသည် စာဖြေစဉ်ကာလအတွင်း ကျောင်းသူကျောင်းသားများအတွက် ဘေးကင်းလုံခြုံရေး အပါ အဝင် အရေးပေါ် အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးလေ့ရှိကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူ အများဆုံးဖြစ်ပြီး တစ်သိန်း သုံးသောင်းခန့် ရှိကာ မန္တလေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက်  မြန်မာနိုင်ငံတဝန်းတွင် ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းခန့်ရှိသည်ဟု စာစစ်ဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly