ပါရီ၊ မတ် ၆ ။ ။ ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းက အကျဉ်းထောင်တစ်ခုမှာ အင်္ဂါနေ့က ဘာသာရေးအစွန်းရောက် အကျဉ်းသားတစ်ဦး ဓားကိုင်တိုက်ခိုက်တာကြောင့် အစောင့်နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ရဲက ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ခိုက်တဲ့ အစွန်းရောက်နဲ့ ၎င်းဆီ လာလည်တဲ့ အမျိုးသမီးမိတ်ဆွေတို့လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နော်မန်ဒီရှိ ကွန်ဒီဆာဆတ်သီအရပ်က လုံခြုံရေးအထူးတင်းကြပ်ရာ အကျဉ်းထောင်ရဲ့ မိသားစုတွေ တွေ့ဆုံရာ အခန်းမှာ အကျဉ်းသား မိုက်ကယ်ချီယိုလိုနဲ့ အလည်လာတဲ့ မိတ်ဆွေအမျိုးသမီးတို့က ပုန်းအောင်းနေခဲ့တာပါ။
ဒါကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးချိန်မှာ ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတန်နာက တွစ်တာမှာ ဖော်ပြပါတယ်။
အဲဒီ စီးနင်းမှုမှာ နှစ်ဦးစလုံး ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူက ဒဏ်ရာကြောင့် သေဆုံးကြောင်း၊ ချီယိုလိုက ရင်ဘတ်မှာ သေနတ်ထိမှန်ခဲ့ကြောင်း အခင်းဖြစ်စဉ်နဲ့ နီးစပ်တဲ့ သတင်းရင််းမြစ်အရ သိရပါတယ်။
အသက် ၂၇ နှစ် အကျဉ်းသား ချီယိုလိုဟာ ထောင်ထဲကို မိတ်ဆွေအမျိုးသမီး ခိုးသွင်းလာတဲ့ ဓားနဲ့ တိုက်ခိုက်တာဖြစ််နိုင်တယ်လို့ တရားရေးဝန်ကြီး နီကိုးဘယ်လော့ဘတ်က ယူဆပြောဆိုပါတယ်။
သူတို့ဟာ ဓားနဲ့ အစောင့်နှစ်ဦးကို တိုက်ခိုက်ပြီး မိသားစုတွေ တွေ့ဆုံရာအခန်းမှာ ပုန်းအောင်းနေတာဖြစ်ပါတယ်။ ဒီလို အစောင့်တွေကို တိုက်ခိုက်ပြီး ဆယ််နာရီနီးပါး ကြာမှ ရဲတပ်ဖွဲ့က အကျဉ်းထောင်ကို ရောက်ရှိပြီး ၎င်းတို့နှစ်ဦးကို စီးနင်းမှု လုပ်ဆောင်တာဖြစ်ပါတယ်။
“ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုကလွဲလို့ ဘာမှမဖြစ်နိုင်ဘူးဆိုတာ သံသယရှိစရာမလိုအောင်ရှင်းလင်းပါတယ်။”လို့ တရားရေးဝန်ကြီးက ပြောပါတယ်။
ထောင်ဒဏ် အနှစ် ၃၀ ကျခံနေရတဲ့ ချီယိုလိုဟာ ထောင်ထဲမှာ အစ္စလာမ္မစ်ဘာသာရေးအစွန်းရောက် ဖြစ်လာခဲ့တာလို့ တွေးထင်ရဖွယ် ရှိပါတယ်။ သူဟာ အကျဉ်းထောင် မိသားစုတွေ တွေ့ဆုံရာအခန်းမှာ တိုက်ခိုက်မှု ကျုးလွန်ချိန်မှာ အလာဟ်ရှင်မြတ်ကြီးမြတ်တယ်လို့ အော်ဟစ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အကျဉ်းထောင်ဝန််ထမ်းတစ်ဦးက ပြောခဲ့ပါတယ်။