အူရီဒူး ကျေးလက်အရောင်းဆိုင်များ၊ IVR နှင့် မိုဘိုင်း App များ ဖြန့်ဝေထား

အူရီဒူး ကျေးလက်အရောင်းဆိုင်များ၊ IVR နှင့် မိုဘိုင်း App များ ဖြန့်ဝေထား

မတ်လ ၅ ။           ။ အူရီဒူးအမှတ်တံဆိပ် ကျေးလက်အရောင်းဆိုင် ၄၅ဝကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစွန်အဖျားဒေသများတွင် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးလက်နေပြည်သူများအတွက် IVR ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

IVR ဝန်ဆောင်မှုသည် ၄၅၆ သို့ ဖုန်းခေါ်ဆိုပြီး ၎င်းတို့၏ လုပ်ငန်းများနှင့် ဆက်စပ်လျှက်ရှိသော မိုးလေဝသ ခန့်မှန်းချက်၊ ကောက်ပဲသီးနှံများ၏ နေ့စဉ်စျေးနှုန်းများ နှင့် အခြားသော သတင်း အချက်အလက်များကို အခမဲ့ ရယူနိုင်သည်။

တောင်သူလယ်သမားများ နှင့် ကျေးလက်နေပြည်သူများအား ဒီဂျစ်တယ် နည်းပညာဖြင့် နေ့စဉ် ကူညီမှုများ ပေးသည့် ဝန်ဆောင်မှုမျိုး ဖြစ်သည်ဟု အူရီဒူးဘက်မှ ဆိုသည်။ ယင်း IVR ဝန်ဆောင်မှုကို အမြဲအသုံးပြုသူများ အနေဖြင့် တေးသီချင်းများ နားဆင်နိုင်ရန်နှင့် ဗေဒင် ကြည့်ရှူနိုင်ရန်ပါ ပါဝင်ကြောင်း သိရသည်။

အမျိုးသမီး စီးပွားရေးစွန့်ဦးဆောင်ရွက်သူများနှင့် ကျေးလက်ဒေသရှိ ဒီဂျစ်တယ်ပညာရှင်များနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒီဂျစ်တယ်စနစ် ဖော်ဆောင်ရေးဆောင်ရွက်လျှက်ရှိကာ ကျေးလက်အရောင်းဆိုင် ၄၅၀ ဖွင့်လှစ်ခြင်းဖြင့် အထောက်ကူပြုပေးရန် ရည်ရွယ်သည်ဟု သိရသည်။

 “အူရီဒူးအနေနဲ့ မြန်မာနိုင်ငံအတွက် နောက်ဆုံးပေါ်နည်းပညာတွေ ယူဆောင်ပေးခြင်းနှင့်အတူ ပညာသားပါသော ပူးပေါင်းဆောင်ရွက်မှုများ၊ ဆန်းသစ်တီထွင်ထားသော အက်ပလီကေးရှင်းများဖြင့် သန်းပေါင်းများစွာသော ပြည်သူများရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က ပြောသည်။

My Ooredoo App ကို အသုံးပြုသုံးစွဲသူပေါင်း ၈၀၀,၀၀၀ ရှိပြီးLive Streaming ကြည့်ရှုနိုင်ခြင်း၊ မိမိ၏ အကောင့်အား စစ်ဆေးကြည့်ရှုနိုင်သော အချက်အလက်၊ အစီအစဉ်များကို ဝယ်ယူနိုင်ခြင်း၊ အခြား ထပ်ဆောင်းဝန်ဆောင်မှုများ၊ ဆုလက်ဆောင်ပေးခြင်းအစီအစဉ် နှင့် နိုင်ငံတကာမှ အစီအစဉ်များလည်း ပါရှိသည်ဟု အူရီဒူးဘက်မှ ကြေညာထားသည်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသော အူရီဒူးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်အထိ အသုံးပြုသူ ၁၀ သန်းအထိ ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly