နိုင်ငံသားတိုင်း စစ်ပညာသင်ရန်နှင့် စစ်မှုထမ်းရန် အစိုးရကို NLD အမတ် တိုက်တွန်း

နိုင်ငံသားတိုင်း စစ်ပညာသင်ရန်နှင့် စစ်မှုထမ်းရန် အစိုးရကို NLD အမတ် တိုက်တွန်း
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(မတ်လ ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်သူ့ဘဝလုံခြုံရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်ပါ နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် အချက်တစ်ချက် အနေဖြင့် စဉ်းစားသင့်ကြောင်း အာဏာရ NLD ပါတီ အမတ်တစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်။

လက်ရှိတွင် ရာဇဝတ်မှုများ များပြားလာနေသော်လည်း ရဲတပ်ဖွဲ့ဝင်များ ထိန်းချုပ်နိုင်မှု အားနည်းသဖြင့် အခြေခံ ဥပဒေပုဒ်မ ၃၈၆ ပါ “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသော ပြဌာန်းချက်ကို စဉ်းစားသင့်ကြောင်း ဝေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွေးက ပြောသည်။

“ဒါဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံရေး ဆောင်ရွက်နိုင်ဖို့အတွက် စဉ်းစား ရမယ့် အချက်တစ်ခုလည်း ဖြစ်ပါတယ်” ဟု မတ်လ ၄ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးတင်ထွေးက ပြောကြားသည်။

မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆို တင်သွင်းစဉ် အဆိုရှင် ဦးတင်ထွေးက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၈၆အရ နိုင်ငံသားတိုင်းဟာ ကာကွယ်ရေးနဲ့ ပတ်သက်လို့ရှိရင် ဝင်ရောက်ပြီးတော့ ထမ်းဆောင်ခွင့်ရှိတာ ရှိတယ်။ ရှိတော့ အဲ့လိုပဲ ဖွဲ့မလား။ အဲ့ဒါမှသာလျှင် ရာဇဝတ်မှုတွေက ထိန်းချုပ်နိုင်မယ်။ ရာဇဝတ်မှု မထိန်းချုပ်နိုင်လို့ရှိရင်တော့ ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းကြီးဟာ လိုအပ်တဲ့ လိုအင်ကို မဖြည့်နိုင်ဘူး” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် ဦးတင်ထွေးက မီဒီယာများကို ပြောသည်။

လက်ရှိတွင် မြို့၊ ရွာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ဖွဲ့စည်းပုံထက် နည်းခြင်းကြောင့် မှုခင်းများကို ကြိုတင်ကာကွယ်နိုင်သည့်အဆင့်တွင် မရှိသောကြောင့် ပြည်သူတို့၏ လုံခြုံရေးအတွက် များစွာ ထိခိုက်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ကြိုတင်ကာကွယ်မှု မလုပ်နိုင်တဲ့အတွက် ဗမာပြည်မှာ ရာဇဝတ်မှုက ကျွန်တော်တို့ အစိုးရ တက်လာ ကတည်းက ပိုပိုများလာတယ်” ဟု ဦးတင်ထွေးက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားသည်။

“ရဲတပ်ဖွဲ့ဝင်တွေဟာ လူသတ်မှုဖြစ်ရင် အလောင်းကောက်ရတဲ့အဆင့်၊ ဖောက်ထွင်းမှုဖြစ်ရင် ပစ္စည်းစာရင်း သွားယူရတဲ့အဆင့်၊ ပြစ်မှုကျူးလွန်ပြီးမှ တရားခံကို လိုက်ဖမ်းရတဲ့အဆင့် အဲ့ဒီလို အလုပ်တွေကိုပဲ လုပ်နေရတာ တွေ့ရပါတယ်” ဟုလည်း လွှတ်တော်တွင် အဆိုတင်သွင်းစဉ် ဦးတင်ထွေးက ပြောကြားခဲ့သေးသည်။

ထို့ကြောင့် မြို့၊ ရွာလုံခြုံရေးကို တာဝန်ယူနေကြသည့် ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးချဲ့ဖွဲ့စည်းနိုုင်သလို ရဲတပ်ရင်း အသီးသီးတွင်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း သက််ဆိုင်ရာ ရဲစခန်းများသို့ မျှဝေပေးသင့်ကြောင်းလည်း အဆိုရှင်က အကြံပြု ပြောကြားသည်။

၎င်း၏ အဆိုကို ထောက်ခံဆွေးနွေးသည့် ကံမမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဟန်ကလည်း တရား ဥပဒေစိုးမိုးရေးသည် အုပ်ချုပ်သူများသာမက ပြည်သူလူထု တစ်ရပ်လုံးကပါ တာဝန်သိစိတ်အပြည့်ဖြင့် ပါဝင်ပြီး အုပ်ချုပ်သူများနှင့် ပူးပေါင်းမှသာ အောင်မြင်နိုင်မည်ဟု ဆိုသည်။

အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာတွင် ကန့်ကွက်သူမရှိသောကြောင့် အဆိုကို လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအနေဖြင့် အမည်စာရင်း ပေးကြရန်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly