မိုးမိတ်မြို့မှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်

မိုးမိတ်မြို့မှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်

မိုးမိတ်၊ မတ် ၄ ။           ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို မတ်လ ၄ ရက်၊နံနက် ၉ နာရီက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ပြုလုပ်ခဲ့ပြီး ဒေသခံရာချီနှင့်အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ကြသည်။

အဆိုပါထောက်ခံပွဲသို့ မဘိမ်း၊ မိုးကုတ်၊ နောင်ချို၊ ငါးအိုးစသည့် ဒေသခံများနှင့် မိုးမိတ်ခရိုင်အတွင်း နေထိုင်ကြသည့် လီဆူ၊ ကချင်၊ ရှမ်း၊ ပလောင်၊ လားဟူ တိုင်းရင်းသားများ ပူးပေါင်း ပါဝင်ခဲ့ကြပြီး NLD ပါတီဝင်များ၊ပြည်နယ်လွှတ်တော်ကိုယ်စားများလည်း ပါဝင်ခဲ့ကြသည်။

"၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့က တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိတဲ့သူတွေ အမှန်တရားကို ချစ်မြတ်နိုးတဲ့သူတွေ အမျှော်အမြင်ရှိတဲ့သူတွေ ရိုးသားဖြောင့်မတ်တဲ့သူတွေ ကိုယ်ကျိုးစီးပွား မရှာတဲ့သူတွေကသာလျှင် ပြင်ဆင်ရေးဆွဲနိုင်ပါလိမ့်မယ်။"ဟု မိုးမိတ်မြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက ပြောသည်။

ဆက်လက်၍ ဒေါ်ရီရီဝင်းက"တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ပြင်နိုင်ဖို့ လိုတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။"ဟု ပြောသည်။

ထောက်ခံသူများသည် မိုးမိတ်မြို့ စည်ပင်လမ်းထိပ်မှစတင်၍ မြို့ပတ်ကာ မြို့မအားကစားကွင်းအထိ ချီတက်ကာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံကြောင်းနှင့်ကြိုဆိုကြောင်းတို့ကို ကြွေးကြော်ခဲ့ကြသည်။

ထောက်ခံပွဲသို့ တက်ရောက်လာသည့် မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက"တစ်ချက်နဲ့တစ်ချက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမှာက ရှေ့နောက် မညီဘူး။ ကျွန်တော်တို့က လုပ်ကိုင်ဆောင်ရွက်ရတာခက်တယ်။ ဒါဟာ အင်မတန်အရေးကြီးတဲ့အချက်ပဲ။ဥပမာ ဘာဖြစ်မလဲဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ ဒေသရဲ့ အကတိအခြေအနေကို လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက အပြင်မှာမပြောလိုသေးဘူး။သူ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုက အရှေ့နဲ့အနောက်မညီတဲ့အတွက် ရှေ့ပိုင်းမှာတစ်မျိုး၊ နောက်ပိုင်းမှာတစ်မျိုး ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။"ဟုပြောသည်။

ဒေသ၏ ပကတိအခြေအနေများကို လွှတ်တော်အတွင်း တင်ပြဆွေးနွေးမှုများပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေအချို့ကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သည်ဟုလည်း ဦးမင်းမင်းသိန်းကဆိုသည်။ ထိုသို့ အခက်အခဲ ဖြစ်ပေါ်ခဲ့သည့် ပုဒ်မများကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

ထောက်ခံပွဲသို့တက်ရောက်လာသည့် မဘိမ်းမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက"၂၀၀၈အခြေခံဥပဒေဆိုတာလည်း ပြင်သင့်ပြင်ထိုက်တဲ့ဟာတွေ ပြင်ကြမှ သာလျှင် ကျွန်တော်တို့တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ထင်တဲ့ အတွက်ကြောင့် အခုလိုမျိုး ထောက်ခံပွဲ လုပ်တာပါ။"ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required