မန္တလေး၊ မတ် ၁ ။ ။ ယခင်အစိုးရလက်ထက်က လူနေထိုင်ရန် ချထားပေးခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းက ပါမစ်မြေများကို စိစစ်ပြီး ဥပဒေနှင့်အညီ မြေငှားဂရန်များ လုပ်ဆောင်ပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က မတ်လ ၁ ရက်တွင် ပြောသည်။
"လူနေထိုင်ရန် ချထားပေးခဲ့တဲ့ ပါမစ်မြေတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီး ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ပေးသွားပါမယ်။"ဟု ဒေါက်တာရဲလွင်က ပြောသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် ၁၊ ၂ ၊ ၃၊ ၄၊ ၅ ရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ထွန်တုံးရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ အောင်သာယာရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်များမှ လူနေထိုင်ရန် ချထားပေးခဲ့သည့် ပါမစ်မြေများကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ စီစစ်ပြီး မြေငှားဂရန် လုပ်ဆောင် ပေးသွားမည်လည်း ဖြစ်သည်။
"မြေငှားဂရန်လည်း ထုတ်ပေးသင့်ပါတယ်။ ဘယ်လိုထုတ်ပေးသင့်သလဲဆိုတာ စဉ်းစားရပါမယ်။ ပါမြစ် ဆိုတဲ့မြေတွေကို ဂရန် ဘယ်လိုထုတ်ပေးမလဲဆိုတာ စဉ်းစားရမယ်။"ဟု မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။
ထိုသို့ မြေငှားဂရန် ထုတ်ပေးလိုက်ခြင်းကြောင့် အခွန်ငွေများရရှိလာမည်ဖြစ်ပြီး ပါမစ်မြေစလစ်ဖြင့် နေထိုင် သူများလည်း ပိုင်ဆိုင်ခွင့်ရရှိသွားမည်ဟု ဦးတင်အောင်က ဆိုသည်။
"ကျွန်တော်က တဆင့်ဝယ်တာ ဒီမြေစလစ်နဲ့ပဲ။ ဒီဘက်မှာနေတာအများစုကတော့ ဒါပဲရှိကြတယ်။ အရင်ရတဲ့ သူက ရောင်းခဲ့ကြတာပဲ။ အခုက တဆင့်ပိုင်ပေါ့။ ဂရန်လုပ်ပေးမယ်ဆိုတော့ ပိုင်ဆိုင်ခွင့် မာသွားတာပေါ့။"ဟု ပါမစ်မြေစလစ်ဖြင့် နေထိုင်သူ ဦးအေးကျော်က ပြောသည်။