လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်

လွှတ်တော်အနီး ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် တစ်လ ချမှတ်

နေပြည်တော်(ဖေဖော်ဝါရီ ၂ရရက်၊ ၂၀၁၉ခုနှစ်)။ ။ ကန့်သတ်နယ်မြေအဖြစ် အစိုးရက သတ်မှတ်ထားသည့် နေပြည်တော်၊ လွှတ်တော်အဆောက်အဦအနီးတွင် ဒရုန်း(Drone) ပျံသန်းစဉ် ဖမ်းဆီးခံထားရသည့် ပြင်သစ် နိုင်ငံသားကို ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဥတ္တရသီရိမြို့နယ်တရားရုံးက စွဲချက်တင်ပြီးနောက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံစေရန် ဖေဖော်ဝါရီ ၂ရရက်က (ယနေ့)အမိန့်ချမှတ်လိုက်သည်။

 အဆိုပါကိစ္စအတွက် တရားလို ဒုရဲမှူးတစ်ဦး အပါအဝင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီးနောက် ပြင်သစ် နိုင်ငံသား ကိုင်ဆောင်သည့် ဒရုန်းသည် အစိုးရက ခွင့်ပြုမထားသည့် ကုန်ပစ္စည်းဖြစ်သောကြောင့် တရားမဝင် ကိုင်ဆောင်အသုံးပြုကြောင်း ပြစ်မှုထင်ရှားသဖြင့် “အလုပ်နှင့်ထောင်ဒဏ် တစ်လ” ကျခံစေရန် မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 “Mr. Arthur Desclaux ဟာ နိုင်ငံခြားသားလည်းဖြစ်၊ ဒရုန်းသယ်ဆောင်ခွင့်ရှိ၊ မရှိကိုလည်း သူမသိခဲ့ဘူးလို့ ရုံးတော်မှာ ထွက်ဆိုခဲ့သလို အပြစ်ရှိတယ်လို့ ရိုးရိုးသားသား ဝန်ခံတဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် တစ်လ အဖြစ် အမိန့်ချမှတ်ပါတယ်” ဟု တရားသူကြီး ဒေါ်စုလာဘ်ရတနာဦးက တရားခွင်အတွင်း အပြီးသတ် အမိန့်ချစဉ် ပြောကြားသည်။

 ၎င်း၏ ဖုန်းနှင့်ဒရုန်းမှာ မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် မှတ်တမ်းများ ရှိနေသည့်အတွက် နိုင်ငံပိုင် သိမ်းဆည်းသွားမည်ဖြစ်ပြီး စက်ဘီးကိုသာ ပြန်လည်ပေးအပ်မည်ဟုလည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ယခုချမှတ်သည့်အမိန့်ကို မကျေနပ်ပါက Mr. Arthur Desclaux အနေဖြင့် အထက်တရားရုံးများသို့ အယူခံတက်ခွင့်ရှိမည် ဖြစ်သည်။

 ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃ဝရက်က စက်ဘီး စီးနင်း၍ ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ရရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း လွှတ်တော်ကြိုးတံတားဂိတ်အနီး၌ ဒရုန်းလွှတ်တင်နေစဉ် ဖမ်းဆီးခံရခဲ့ရသည်။

 တရားလိုဖြစ်သူ ဒုရဲမှူး မင်းတင်က ယခုအမှုနှင့်ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မှုခင်းရဲတပ််ဖွဲ့မှူးရုံးတို့ထံ သဘောထားမှတ်ချက် တောင်းခံ ခဲ့သည်ဟု ဆိုသည်။

 Mr. Arthur Desclaux ကိုင်ဆောင်လာသည့် ဒရုန်းသည် တင်သွင်းခွင့် သွင်းကုန်လိုင်စင် ခွင့်ပြုထားခြင်းမရှိဟု ကုန်သွယ်ရေးဦးစီးဌာနက မှတ်ချက်ပြုသလို ၎င်းရိုက်ကူးခဲ့သည့် နေပြည်တော်လွှတ်တော်အနီးသည် ဒရုန်း ရိုက်ကူးခွင့် မရှိသောနေရာဖြစ်ပြီး လေကြောင်းဆိုင်ရာ လိုအပ်ချက်အရ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားသော ဧရိယာဖြစ်သည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အကြောင်းပြန်ကြားခဲ့သည်ဟု ဒုရဲမှူး မင်းတင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

“ဒရုန်းမှန်သမျှ တားမြစ်ထားတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ကိုင်ဆောင်လို့မရသလို တင်သွင်းခွင့်လည်း မရှိပါဘူး” ဟု တရားလိုရှေ့နေက ကုန်သွယ်ရေးဦးစီးဌာန၏ အကြောင်းပြန်ကြားချက်ကို ကိုးကားပြီး တရားခွင်တွင် ပြောကြားသည်။

 တရားလိုပြသက်သေများဖြစ်သည့် ဒုရဲမှူး ထွန်းဇော်မျိုးနှင့် ရဲတပ်သား ထွန်းထက်အောင်တို့ကလည်း အခင်း ဖြစ်စဉ်၌ ၎င်းတို့ တွေ့ရှိချက်အရ Mr. Arthur Desclaux လွှတ်တင်နေသည့် ဒရုန်းမှာ လွှတ်တော်ခြံစည်းရိုး အပြင်ဘက်ရှိ ဓာတ်မီးတိုင်အပေါ်တွင် ရောက်ရှိနေပြီး လွှတ်တော်ဝင်းအတွင်းသို့ ရောက်ရှိခြင်း မရှိဟု အသီးသီး ထွက်ဆိုခဲ့ကြသည်။

 “မသိဘဲနဲ့ သယ်လာမိတဲ့အတွက် အပြစ်ရှိတယ်ဆိုရင်လည်း ခံပါမယ်။ အကယ်၍ ကြိုသိခဲ့မယ်ဆိုရင်တော့ ယူမလာတာ ဒါမှမဟုတ် လှည့်ပြန်သွားတာမျိုး လုပ်ပါမယ်။ ကျွန်တော့အနေနဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ အတွက် ဒီနိုင်ငံက ဥပဒေကိုတော့ လိုက်နာရမှာပေါ့” ဟု Mr. Arthur Desclaux က တရားခွင်တွင် ပြောသည်။

 ယခုချမှတ်လိုက်သည့် အမိန့်တွင် တရားသူကြီးက ချုပ်ရက်ခံစားခွင့် ပေးသည့်အတွက် Mr. Arthur Desclaux အနေဖြင့် နေပြည်တော်အချုပ်ထောင်တွင် အချုပ်သားအဖြစ် ရက်ပေါင်း ၂ဝကျော် နေခဲ့ပြီးဖြစ်သည့်အတွက် ရမည်းသင်းအကျဉ်းထောင်တွင် နောက်ထပ် ရက်သတ္တပတ် တစ်ပတ်ခန့် ကျခံပြီးနောက် မတ်လ ၈ရက်တွင် ပြန်လည် လွတ်မြောက်မည်လည်း ဖြစ်သည်။

 “သံရုံးအနေနဲ့ ဘာကိုကျေနပ်မိလည်းဆိုတော့ သူက မြန်မာပြည်ထဲကို ဒီလိုမျိုး ဒရုန်းကို ယူဆောင်ခွင့် မရှိဘူးဆိုတာ မသိဘဲနဲ့ ယူဆောင်လာာတယ်ဆိုတဲ့ သူ့ရဲ့ စိ်တ်ရင်းအမှန်ကို တရားရုံးကနေပြီး အသိအမှတ်ပြုပြီး ဒီလို ဆုံးဖြတ်ချက် ချပေးတဲ့အတွက် သံရုံးက ကျေနပ်မိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr. Ere’der’ic INZA က ဆိုသည်။

 သို့သော် “မြန်မာပြည်ကို ခဏတဖြတ်လာရောက်တဲ့ နိုင်ငံခြားခရီးသွားတစ်ယောက်အနေနဲ့ တစ်လ အပြစ်ဒဏ်ဆိုတာ အရမ်းများပါတယ်” ဟုလည်း အမိန့်ချမှတ်မှုအပြီး တရားရုံးမှ ပြန်အထွက်တွင် မီဒီယာများကို ပြောဆိုသွားသည်။

 ထို့ပြင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ဒရုန်းကဲ့သို့ ပစ္စည်းကို မြန်မာနိုင်ငံတွင် ကန့်သတ်ချက် ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အသိပညာပေးသင့်ကြောင်းနှင့် အလားတူ အမှုမျိုး ထပ်ဖြစ်မည်ကို စိုးရိမ်ကြောင်းလည်း Mr. Ere’der’ic INZA က မှတ်ချက်ပြုခဲ့သေးသည်။

 ဒုရဲမှူး မင်းတင်ကမူ လွှတ်တော်ဝင်း၏ တံခါးများတွင် ဒရုန်းရိုက်ကူးခွင့်မရှိကြောင်း တားမြစ်ထားသည့် ဆိုင်းဘုတ်ကို တပ်ဆင်ထားသည်ဟု တရားခွင်တွင် ပြောကြားသည်။ Mr. Arthur Desclaux အနေဖြင့်လည်း အဆိုပါ တားမြစ်ချက်ကို မတွေ့ဘဲ ဒရုန်း လွှတ်တင်ခဲ့မိခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

 ပြီးခဲ့သည့် ၂၀၁ရခုနှစ်၊ အောက်တိုဘာလကလည်း TRT သတင်းဌာန၊ စင်္ကာပူရုံးခွဲမှ စင်္ကာပူနိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦးအပြင် မြန်မာနိုင်ငံသား ဘာသာပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးတို့မှာ အလားတူပင် လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင် ၂လခန့် ချမှတ်ခံခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly