မီးဒဏ်သင့် အညာသားမီးသတ်သမား

By ဝင်းနန္ဒာ / Myanmar Now
27 February 2019
မီးဒဏ်သင့် အညာသားမီးသတ်သမား
နေအိမ်တွင် တယ်လီဖုန်း အသုံးပြုနေသော အသက် ၄၇နှစ် အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

မီးခိုးငွေ့ ထူထူထပ်ထပ် ဖုံးလွှမ်းနေသော တိုက်ခန်းအတွင်းရှိ မီးတောက်မီးလျံများကြား  ကျယ်လောင်သည့် အသံကြီး ပေါ်ထွက်လာချိန်တွင် မီးသတ်သမား ဦးထွန်းထွန်း ခေတ္တ မေ့မြောသွားသည်။ သတိပြန်လည်လာချိန်၌မူ အရေးပေါ်လူနာတင်ယာဉ်အတွင်း  သူရောက်နေပြီ။

ရန်ကုန်မြို့ အထပ်မြင့်တိုက်ခန်းတစ်ခုရှိ အဆိုပါမီးလောင်မှုတွင် ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသော နက်ပြာရောင်ဝတ်စုံဝတ် လုပ်ဖော်ကိုင်ဘက် ရဲဘော်တချို့လည်း သူ့ဘေးတွင် လိုက်ပါလာကြသည်။

သူ့တစ်ကိုယ်လုံး ရုတ်တရက် မလှုပ်ရှားနိုင်။ မိနစ်အနည်းငယ်အကြာတွင် ခန္ဓာကိုယ်အနှံ့ အပြင်းအထန် ပူလောင်သည့်ဒဏ်ကို  စတင် ခံစားလာသည်။ မီးလောင်ခံရမှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ခြေလက်များကို ဆေးရုံသို့ ရောက်သွားချိန်တွင် ဦးထွန်းထွန်း စတင် သတိပြုမိလာသည်။

“အရေခွံမှန်သမျှ ဒီလက်သည်းမှာလာပြီး တန်းလန်းကြီးတွေ ဖြစ်နေတာ” ဟု ဦးထွန်းထွန်းက  ကွေးကောက်နေသည့် လက်ချောင်းများကို ထောင်ပြပြီး ၂ဝ၁၃ နှစ်လယ်ပိုင်း အတွေ့အကြုံကို ပြောပြသည်။ မီးတောက်မီးလျှံများကြား တာဝန်ထမ်းဆောင်စဉ်  မီးလောင်ဒဏ်ရာ အပြင်းအထန် ရခဲ့သူ ဦးထွန်းထွန်းသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ရှိနေဆဲဖြစ်သည်။   အရေပြား မီးလောင် ဒဏ်ရာတို့ကို ၆ နှစ်အတွင်း အကြိမ် ၃ဝ နီးပါး ခွဲစိတ်ကုသမှု ခံယူခဲ့သော်လည်း လက်ချောင်းများကို ကောင်းစွာ အသုံးပြုနိုင်ခြင်း မရှိသေးပေ။

မီးလောင်ခံရ

မီးငြိမ်းသတ်ရင်း ခန္ဓာကိုယ်အရေပြားများ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗီလာအိမ်ရာ မီးလောင်မှုတွင် ဖြစ်ပွားခဲ့သည်။ မီးလောင်နေသည့်  အခန်းတွင် ပိတ်မိနေသူရှိသည် ဟူသော သတင်းကြောင့် တပ်ကြပ်ကြီး ထွန်းထွန်း နှင့် တပ်သားနှစ်ဦး အတွင်းသို့ ဝင်ရောက် ကယ်ဆယ်ကြသည်။

ပထမတံခါးကြီးကို လွယ်လွယ်ကူကူ ဝင်ရောက်သွားနိုင်သည့် မီးသတ်သမားတို့သည် ပိတ်မိနေသည်ဆိုသောသူကို အသည်းအသန် ရှာဖွေကြသည်။ မတွေ့သဖြင့် ဒုတိယတံခါးကို ကျော်ဖြတ်မည့်အချိန်တွင် တံခါးကြားမှ မီးခိုးပူများ  ပန်းထွက်လာရာ မီးသတ်ရဲဘော်နှစ်ယောက်  အခန်းအပြင်ဘက်သို့ တိမ်းရှောင်နိုင်ခဲ့သည်။ ဦးထွန်းထွန်း နောက်မှ လိုက်ထွက်သော်လည်း တံခါးမကြီးမှာ ရုတ်တရက် ပိတ်သွားသည်။ ၎င်းတို့သွားရောက် ကယ်ဆယ်သည့် နိုင်ငံခြားသား ဆိုသူမှာ ထိုနေ့က မီးလောင်သည့်အခန်းအတွင်း ရှိမနေခဲ့ပေ။

ကျယ်လောင်စွာ ကြားလိုက်ရသည့် တံခါးပွင့်ထွက်သွားသံနဲ့အတူ ဦးထွန်းထွန်း စက္ကန့်ပိုင်းမျှ မေ့မြောသွားသည်။ ပြန်သတိရလာချိန်တွင် အဆောက်အအုံ အပြင်ဘက်သို့ ဦးထွန်းထွန်း ရောက်ရှိနေပြီဖြစ်သည်။ သရဏဂုဏ်သုံးပါးကို စိတ်ထဲ ရွတ်ဆို ဆောက်တည်လိုက်သည်။

“ကိုယ်လည်း သေလူပေါ့လို့ အောက်မေ့ထားလိုက်တယ်။ စိတ်လျှော့ထားလိုက်တယ်။ စစချင်းတော့ ဘာမှမခံစားရဘူး။ ဆေးရုံသွားတဲ့ တွန်းလှည်းပေါ်မှာ အလူးအလဲ ခံရတော့တာပဲ” ဟု ဦးထွန်းထွန်းက ရှုံ့တွနေသည့် လက်နှစ်ဖက်ကို ကြည့်ပြီး ပြောပြသည်။

ဆောင်းထားသည့်ဦးထုပ်ကြောင့် မျက်နှာနှင့် ဦးခေါင်းမှာ မီးဘေးမှ ကင်းဝေးခဲ့သည်။

ကုသမှု ခံယူခြင်း

ပြင်းထန်သည့် မီးလောင်ဒဏ်ရာကို မြောက်ဥက္ကလာပ ဆေးရုံတွင် သုံးရက်၊ ရန်ကုန်ဆေးရုံကြီးတွင် နှစ်လ အထိ ကုသခဲ့ရသည်။ ကနဦးကာလမှာ  မိသားစုဝင် အားလုံးအတွက် စိတ်ထိခိုက်ဖွယ်နေ့များ ဖြစ်သည်ဟု သူ၏ ဇနီးသည် ဒေါ်ဥမ္မာက ပြောသည်။

“ပတ်တီးဖြည်တော့ အရိုးတွေ၊ အကြောဖြူဖြူကြီးတွေပဲ မြင်ရတော့တာပေါ့။ မီးလောင်ဒဏ်ရာ မှန်သမျှက ချက်ချင်း မသိသာဘူး၊ ကောင်းပြီဆိုပြီး နေလို့မရဘူး။ အရေခွံက ကျစ်သွားပြီး ပင်ကို အရေခွံမဟုတ်တဲ့အခါ ကျတော့ လက်တွေက ဆွဲကုန်တာ” ဟု ဆေးရုံတွင် ကြုံတွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။

လက်ကောက်ဝတ်၊ တံတောင်ဆစ်တို့ ဆန့်ချည်ကွေးချည်လုပ်သည့်အခါ အရေခွံ ပြဲစုတ်သွားမတတ် ခံစားရသည်။ နှစ်နှစ်အကြာတွင်မှ ဆန့်နိုင်၊ ကွေးနိုင်တော့သည်။

တင်းမာနေသော အရေခွံများကြောင့် ဆန့်မရကွေးမရဖြစ်နေသည့် အသားချိုင့်ခွက်နေရာများအတွက် ပေါင်မှအသားမျှင်များကို အစားထိုးရသည်။ ဆေးရုံတက်  အစားထိုးခွဲစိတ်မှုပြီးလျှင် နောက်တစ်ကြိမ် ခွဲစိတ်မှုအတွက် ပေါင်မှအသားစိုင်များပြန်ပြည့်ဖြိုးလာရန် အားမွေးရပြန်သည်။

ထိုသို့ခွဲစိတ်ကုသသည်မှာ  ၂၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး  ကုသသည့်အခါတိုင်း မေ့ဆေးကို အသုံးပြုရသည်။  

“ခွဲစိတ်တာတွေ များနေတော့ သိပ်တောင် မမှတ်မိတော့ဘူး” ဟု ဦးထွန်းထွန်းက  စတင် လှုပ်ရှားလာနိုင်ပြီဖြစ်သည့် ဘယ်ဘက်လက်မှ လက်ချောင်းများကို ထောင်ပြကာ ပြောသည်။ အတိတ်မှ မတော်တဆ ဖြစ်ရပ်အကြောင်း မေးခွန်းများကို ပြန်ဖြေရာတွင်  ဦးထွန်းထွန်းက  နားနားပြီးတွေးရ ပြောရသည်။  

“အသားတွေလွှာရင်တော့ ခံရတယ်။ နှစ်ပတ်လောက်က လမ်းမလျှောက်နိုင်ဘူး။ ပေါင်ကနေလှီးပြီး ပြန်ထည့်တာ။ ပေါင်က အသားကတော့ သုံးပတ်လောက်ဆို ပြန်တက်လာတာပဲ။ ဒီအရေခွံတွေဆို ပေါင်သားတွေပဲလေ” ဟု ဦးထွန်းထွန်းက အမာရွတ်ကျန်ခဲ့သည့် ပေါင်မှ အသားလွှာကြောင်းများကို ပြကာ ပြောသည်။

အသက် ၄၇နှစ် အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

အညာသား ဆံသဆရာ

အညာသူ အညာသားများ ဖြစ်ကြသည့် ဦးထွန်းထွန်းရော သူ့ဇနီးပါ ဇာတိမြေ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့တွင် မင်္ဂလာဆောင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့လာကြသည်။ သားသမီးနှစ်ဦး ထွန်းကားခဲ့ရာ ယခုအခါ ယခုအခါ သမီးဖြစ်သူက တက္ကသိုလ် နောက်ဆုံးနှစ်၊ သားဖြစ်သူက အထက်တန်းကျောင်း တက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ဝန်ထမ်းအိမ်ရာရှိ သူ့မိသားစုနေထိုင်ရာ အခန်းကျဉ်းလေးတွင် ကုန်ခြောက်ဆိုင် ဖွင့်ထားသည်။  ဦးထွန်းထွန်း အငြိမ်းယူချိန်အထိ သူနှင့် သူ့မိသားစု ထိုနေရာတွင် နေထိုင်နိုင်မည်။  ယင်းနောက်ပိုင်း သားသမီး တစ်ဦးဦးက ဌာနချုပ်ရုံးတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါက သူတို့မိသားစု ထိုအခန်းတွင် ဆက်လက် နေထိုင်သွားနိုင်ကြမည့် အလားအလာ ရှိသည်။

မီးလောင်ဒဏ်ရာမရခင်ကမူ ဦးထွန်းထွန်းသည် ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားသူဖြစ်သောကြောင့် မိသားစုအတွက် အပိုဝင်ငွေ အသင့်အတင့်ရှာဖွေနိုင်ခဲ့သည်။

ဆံပင်ညှပ်သည် ဆိုသော်လည်း သူ၏ အဓိက အလုပ်ကိုသာ မဖြစ်မနေ ဦးစားပေးရသည်။

“ညှပ်ရင်းတန်းလန်း မီးသတ်ကား ဥသြဆွဲသံကြားရင် ထပြေးရတာပဲ။  ဆံပင်ညှပ်ခံနေတဲ့သူကို တန်းလန်းကြီး ထားခဲ့ရတာပေါ့။ ဘယ်တတ်နိုင်မလဲ။ ရုံးနဲ့နီးတော့ ယူနီဖောင်းကို ဆိုင်ထဲမှာ အဆင်သင့် ထားထားတာ” ဟု ဆေးမင်ကြောင်များ ထိုးထားသော ဦးထွန်းထွန်းက ပြောပြသည်။

သူ့ကျောကုန်းတွင် နဂါးပုံ၊ လက်မောင်းတွင် အရွယ်အစားကြီးမားသော နှင်းဆီပွင့်ပုံ တို့ ဖုံးလွှမ်းထားသည်။ ယခုအခါ အဆိုပါ ဆေးမင်ကြောင်များပေါ်တွင် အမာရွတ်များက ထင်ထင်ရှားရှား နေရာယူထားကြသည်။

ရဲသူရိန်ဘွဲ့

အကုန်အကျများသည့် ရန်ကုန်တွင် နေထိုင်သူ ဦးထွန်းထွန်း၏ လစာမှာ  ကျပ်နှစ်သိန်းခွဲခန့်ဖြစ်သည်။ ခွဲစိတ်မှုပြုလုပ်သည့်အခါ ဆေးဖိုးထက် ပိုမို ကုန်ကျသည်မှာ လမ်းစရိတ်၊  ဆေးရုံတက်ချိန် စားသောက်စရိတ်တို့ ဖြစ်သည်။ ဌာနချုပ်ထံ တင်ပြလျှင် ဆေးဖိုးကိုသာ ပြန်ရနိုင်မည်ဖြစ်ပြီး    အခြားစရိတ်များကိုမူ ကိုယ်တိုင် ကျခံရသည်ဟု ဆိုသည်။

ထို့အတွက်ကြောင့် ကွေးဆန့်ခြင်းမပြုနိုင်သေးသည့်  ညာဘက်လက်ကို ခွဲစိတ်မှု ထပ်မံ မပြုလုပ်လိုတော့ကြောင်း ရှင်းပြသည်။

ဒေါ်ဥမ္မာက ခင်ပွန်းသည်၏ လက်များ ပိုမို အခြေအနေကောင်းလာရေးအတွက် ဌာနဆိုင်ရာက ကူညီဆောင်ရွက်ပေးလာမည်ကို မျှော်လင့်နေသည်။  

“ခန္ဓာကိုယ် တစ်ခုလုံးလည်း ပေးဆပ်ပြီးသွားပြီ။ ဖြစ်နိုင်ရင်တော့ လက်တွေ ကွေးလို့ ဆန့်လို့ရတဲ့အခြေအနေ အထိ ဆေးကုသမှုပေးရင် ကောင်းတာပေါ့” ဟု ဒေါ်ဥမ္မာက ပြောသည်။

တာဝန် ထမ်းဆောင်စဉ် စွန့်လွှတ် စွန့်စားမှုအတွက် သမ္မတဟောင်း  ဦးသိန်းစိန် လက်ထက်တွင် အာဏာပိုင်တို့က ဦးထွန်းထွန်းကို နေပြည်တော်သို့ ခေါ်ယူကာ ရဲသူရိန်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ် ခြောက်သောင်းကို ပေးအပ် ချီးမြှင့်ခဲ့သည်။

“တစ်ခါမှ မရောက်ဖူးတဲ့ သမ္မတအိမ်မှာ ညစာ စားရတယ်။ ဒီလောက်ပါပဲ” ဟု ဦးထွန်းထွန်းက ခပ်ကျဲကျဲ ရယ်လိုက်ကာ ပြောသည်။

အသက် ၄၇နှစ် အရွယ် မီးသတ်တပ်ကြပ်ကြီး ဦးထွန်းထွန်း (ဓာတ်ပုံ - ဝင်းနန္ဒာ / Myanmar Now)

ဦးထွန်းထွန်းက သူ့ဖခင် ကျောင်းဆရာသည် ရပ်ရွာအကျိုးအတွက်  အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သောကြောင့် သူလည်း ငယ်စဉ်ကပင် မီးသတ်ရဲဘော် ဖြစ်လိုခဲ့သည်ဟု ဆိုသည်။

ဦးထွန်းထွန်း ရန်ကုန်စရောက်ပြီး မီးသတ်ဌာနသို့ဝင်ခဲ့ချိန်တွင်  အသက် ၂၁ နှစ်မျှသာ ရှိသေးသည်။ နှစ်နှင့်ချီ လုပ်ကိုင်ခဲ့သည့် ထိုအလုပ်သည် သာမန်စိတ်မျိုးဖြင့်မရ၊ ဝါသနာကြီးမှသာ လုပ်နိုင်ကြောင်း ဦးထွန်းထွန်းက ပြောသည်။

ယခင်က မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ရန် အချက်ပေး သံချောင်းခေါက်သံ ထွက်ပေါ်လာလျှင် ဦးထွန်းထွန်းသည် အခြား ရဲဘော်များထက် ရှေ့ဆုံးမှ ရောက်နှင့်နေပြီး ဖြစ်သည်။  ဦးထွန်းထွန်းက မီးသတ်သမားတိုင်းကို ထိုသို့ တက်တက်ကြွကြွ တာဝန် ထမ်းဆောင်စေလိုသည်။  

ယခုတော့ ရဲသူရိန် တပ်ကြပ်ကြီး ထွန်းထွန်းသည် နေအိမ်တွင် အချိန်ပြည့် ရှိနေတတ်သည်။

လူနေထူထပ်ပြီး ကျယ်ဝန်းလှသော ရန်ကုန်တွင် မီးသတ်ကားများသည် မီးလောင်သည့် နေရာသို့  ဥသြသံပေးပြီး ဦးတည် ထွက်ခွာကာ မီးငြှိမ်းသတ်ကြသည်။ ဦးထွန်းထွန်းသည် မီးသတ်သမားဘဝတွင် ရှိနေဆဲ ဖြစ်သော်လည်း အခြားသော ရဲဘော်များနည်းတူ ထိုကားများပေါ်သို့ ပြေးတက်ပြီး လိုက်ပါသွားနိုင်ခြင်း မရှိပေ။

သို့သော်လည်း သူ့စိတ်ကမူ ဥသြသံပေးနေသော ကားပေါ်တွင် လိုက်ပါသွားလေသည်။ ။

 

Mizzima Weekly