တရားခံဖမ်းဆီးရာမှ ဒုရဲအုပ်တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရ

တရားခံဖမ်းဆီးရာမှ ဒုရဲအုပ်တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရ

တနင်္သာရီ၊ ဖေဖော်ဝါရီ (၂၆) ။            ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ အောက်ကင်းကျေးရွာတွင် တရားခံဖမ်းဆီးရာမှ ဓားဖြင့် ပြန်လည်ခုခံသောကြောင့် ဒုရဲအုပ် တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့၊ နံနက်ပိုင်းကတနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ အောက်ကင်းအနောက် ကမ်းကျေးရွာရှိ တဲပေါ်တွင် အိမ်လျက်တွေ့ရှိသည့် ငြိမ်းချမ်းကို ဆိုသူအား နယ်ထိန်းခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဝင်ရောက် ဖမ်းဆီးရာမှ အသင့်ရှိသည့် ဓားဖြင့်ပြန်လည် ခုခံရာ ဒုရဲအုပ် သန်းထွန်းမင်းမှာ အခင်းဖြစ်ရာနေ၌ သေဆုံးခဲ့ပြီး၊ ကျန် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တနင်္သာရီမြို့မ ရဲစခန်းမှ သိရသည်။

“တရားခံက ကျွန်တော်တို့ သွားဖမ်းချိန်မှာ ဓါးမဲ့ ပြန်လည် ခုခံလို့ သေနတ် ၃ ချက် ပစ်ဖောက်ပြီး၊ ဖမ်းဆီး ခဲ့ရတယ်”ဟု  တနင်္သာရီမြို့နယ်၊ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးက ပြောကြား သည်။

အဆိုပါဖြစ်စဉ်တွင် ဒုရဲအုပ် သန်းထွန်းမင်းသည် ဝဲဘက်ချိုင်းအောက်ထိုးသွင်း ဒဏ်ရာ၊ ဝဲပေါင်ရှေ့ တင်ပါဆုံအောက် ထိုးသွင်း ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး တခြားသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာလည်း ဓားဒဏ်ရာများ ရရှိခဲ့သည်။

 “တရားခံကိုတော့ ဖမ်းဆီး ရရှိထားပြီးပြီ။ ဒုရဲအုပ် တစ်ဦးလည်း သေဆုံး သွားပါတယ်။ ကျန်တဲ့ ရဲတပ်ဖွဲ့ဝင် နှစ် ဦးလည်း ထိခိုက် ဒဏ်ရာရထားပါတယ်”ဟု တနင်္သာရီမြို့နယ် ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြောကြား သည်။

 အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်၍ ငြိမ်းချမ်းကို အသက် ၂၀ နှစ်ခန့် (ဘ) ဦးအောင်မြင့်အား တနင်္သာရီ မြို့မ ရဲစခန်းရုံးမှ (ပ) ၃၀/၂၀၁၉၊ ရာဇာသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၃၃၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly