တပ်ကခိုင်းတာ လုပ်နေတဲ့ ‘စစ်တပ်ပါတီ’ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး တုံ့ပြန်

တပ်ကခိုင်းတာ လုပ်နေတဲ့ ‘စစ်တပ်ပါတီ’ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး တုံ့ပြန်

နေပြည်တော်(ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။      ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်နှင့် အမျိုးသားရေးခံယူချက်၊ ရပ်တည်ချက်တို့ တူညီသော်လည်း တပ်မတော်၏ ခိုင်းစေချက်ကို လိုက်လုပ်နေသည့် ‘စစ်တပ်ပါတီ’ မဟုတ်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။

“တပ်မတော်အစိုးရလက်ထက်မှာ မွေးဖွားပေးလိုက်တာ မှန်သော်လည်းပဲ Professional Political Party အနေနဲ့ပဲ သွားနေတယ်။ ကျွန်တော်တို့ဟာ စစ်တပ်ရဲ့ နောက်မြီးဆွဲ မဟုတ်ဘူး။ တပ်မတော်ရဲ့ခိုင်းတာကို လုပ်နေတဲ့အဖွဲ့အစည်း မဟုတ်ဘူး” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

 ဖေဖော်ဝါရီ ၂၅ ရက်က နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ထိုသို့ ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “တိုင်းပြည်ကို ဒုက္ခပေးပါ၊ စစ်တပ်ကို ထောက်ခံပါ၊ စစ်တပ်ရဲ့နောက်လိုက် လုပ်ပါ၊ ပြည်သူကို ညှဉ်းပမ်း နှိပ်စက်ပါ၊ မင်းတို့ ခိုးပါ၊ ရသမျှယူပြီးတော့ ချမ်းချမ်းသာသာနေကြပါလို့ ဘယ်သူမှ မသင်ပေးခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်အစိုးရလက်ထက်က အသင်းအဖြစ် ရပ်တည်ပြီးနောက် ပေါ်ပေါက်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို တပ်မတော်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုကာ နိုင်ငံရေးအရ အောက်လုံးထိုးပြီး ပြည်သူကို မှိုင်းတိုက်နေခြင်းမှာလည်း မဖြစ်သင့်တော့ဟု ဒေါက်တာ နန္ဒာလှမြင့်က ရှင်းလင်းပြောဆိုလိုက်သည်။

 သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ အပါအဝင် လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များအပေါ် ရှင်းလင်းခဲ့ကြသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်သို့ တင်သွင်းထားသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်အမတ်အားလုံး၏ ၂ဝရာခိုင်နှုန်းက တင်သွင်းရမည်ဟု ပြ႒ာန်းထားသဖြင့် လွှတ်တော်တွင်း ၅ ရာခိုင်နှုန်းသာ နေရာရထားသည့် ကြံ့ခိုင်ရေးပါတီက တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ အင်အားကိုယူပြီး တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေခံဥပဒေပြ႒ာန်းချက် ပုဒ်မ ၂၆၁အရ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရနေခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကမူ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်လွှတ်တော်များက ရွေးချယ်ခန့်အပ်ခွင့်ရရေးအတွက် ပြင်ဆင်ချက် တင်သွင်းထားခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြင်ဆင်လိုက်ပါက လွှတ်တော်တွင်း ၂၅ရာခိုင်နှုန်း နေရာရထားသည့် တပ်မတော်အစုအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီတို့ ပူးပေါင်းပြီး ဝန်ကြီးချုပ် ခန့်အပ်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသလားဟု သတင်းထောက်တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သေးသည်။

နောက်ထပ် ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက “၂၅ရာခိုင်နှုန်းရှိတဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပူးပေါင်းပြီးတော့ ဝန်ကြီးချုပ်တွေဖြစ်ဖို့လားဆိုတဲ့ မေးခွန်းအပေါ်မှာ ကျွန်တော်တို့ ဒီကိစ္စကို စိတ်တောင် မကူးခဲ့ပါဘူး။ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။

အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်နေမှုသည် နိုင်ငံ၏ ပကတိ လိုအပ်ချက်အရ ပါဝင်နေရခြင်းဖြစ်သည်ဟုလည်း ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးသောင်းအေးက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။

 ‘‘တိုင်းပြည်ကမောက်ကမ ဖြစ်လို့ တပ်မတော်ကပြန်ပြီးတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာ ဏာကို  ထိန်းရတဲ့ဟာ ကျွန်တော် တို့တိုင်းပြည်မှာ အနည်းဆုံး လေးကြိမ် ဖြစ်ခဲ့ပြီးပြီ။ အဲဒီတော့ နောက်တစ်ကြိမ် ကျွန်တော်တို့ မဖြစ်ချင်တော့ဘူး။ မဖြစ်ချင်တော့တဲ့အတွက် ကျွန်တော်တို့ ဒီနိုင်ငံရေးကို စိတ်ဝင်စားနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်း၊ ပါတီအသီး သီးရဲ့ နိုင်ငံနဲ့လူမျိုးအပေါ်မှာ ခံယူနိုင်တဲ့ခံယူချက်၊ ယုံကြည်ချက်၊ အမျိုးသားရေးမျှော်မှန်းချက်။ ဒီဟာနဲ့အတိမ်အနက်ပေါ်မှာ မူတည်ပြီးတော့ ဒီရာခိုင်နှုန်းက ရှိနေတာ” ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ ဦးသောင်းအေးက ပြောသည်။

 ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို လူမှုကွန်ယက်များတွင် ‘သူခိုးပါတီ’ ဟူ၍ စွပ်စွဲမှုနေသူများမှာလည်း ပြည်သူလူထု၏ ပြောဆိုချက်မဟုတ်ဘဲ နိုင်ငံတစ်ကာ အထောက်အပံ့နှင့် ရပ်တည်လှုပ်ရှားနေသူများသာဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ရှင်းလင်းခဲ့သေးသည်။

 “ဒါသည် ပြည်သူက ပြောတာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို အနိုင်လိုချင်သော အဖွဲ့အစည်းတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ ဆောင််ရွက်နေတာလို့ ရှင်းပြလိုပါတယ်။ ကျွန်တော်တို့ကို သူခိုးပါတီလို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျွန်တော်တို့ ဘာခိုးထားသလဲ။ တစ်ဦးတစ်ယောက်ချင်းကို ထောက်ပါ။ ရှိတဲ့ ပုဒ်မနဲ့ တရားစွဲပါ” ဟု ၎င်းက ဆိုသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လတ်တလော ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရန်ကုန်နှင့်နေပြည်တော်တို့တွင် ရံဖန်ရံခါ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လေ့ရှိသည်။ ယမန်နေ့ သတင်းစာရှင်းလင်းပွဲသို့ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးအပြင် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဦးသိန်းထွန်းဦး၊ ဒေါက်တာနန္ဒာလှမြင့်၊ ဒေါ်ယဉ်မင်းမြင့်ဆွေ၊ ဦးအောင်ချိုဦးတို့ ဦးဆောင်ပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required