မြောက်ဦးနှင့် ကျောက်တော်တွင် စစ်ဘေးရှောင် ၁၂၀၀ ခန့် ထပ်တိုးလာ

မြောက်ဦးနှင့် ကျောက်တော်တွင် စစ်ဘေးရှောင် ၁၂၀၀ ခန့် ထပ်တိုးလာ
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ။         ။ ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့်မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် နီးစပ်ရာရွာများမှ ဒေသခံ လူဦးရေ တစ်ထောင်ကျော်ခန့်  ထပ်မံစစ်ဘေးရှောင် ရောက်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၊ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မဇ္ဈိမသို့ ပြောသည်။

“ ဒီရက်ပိုင်း ကျောက်တော်၊ မြောက်ဦးနားမှာ တိုက်ပွဲတွေဖြစ်တော့ စစ်ရှောင်အရေအတွက်က များလာပါတယ်။ စုစုပေါင်းကတော့ ၁၂၀၀ ဝန်းကျင်တော ့ရှိနေပြီပေါ့။ တချို့ကကြတော့ စစ်ရှောင်စခန်းလိုမျိုး၊စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ နေတယ်။ တချို့ကကြတော့ နီးစပ်ရာဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေကြပါတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ စစ်ရှောင် ၁၂၀၀ ခန့်အနက် လူဦးရေ ၈၀၀ ခန့်မှာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြပြီး ကျန် ၄၀၀ ခန့် မှာ နီးစပ်ရာ ဆွေမျိုးအိမ်တွင် ခိုလှုံနေရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၊ အတွင်းရေးမှူးထံ မှ သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ ထပ်မံတိုးလာနေသော်လည်း ပြည်နယ်အစိုးရမှ ဇန်နဝါရီလဆန်းပိုင်းက တစ်ကြိမ်သာ ထောက်ပံ့ထားသည်။

အဆိုပါ ထပ်တိုးစစ်ရှောင်များအပြင် အခြား ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တို့ရှိ စစ်ရှောင်စခန်းများမှ စစ်ရှောင်လာသူများမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးများ အခက်ကြုံနေရကြောင်း ဦးဇော်ဇော်ထွန်းထံမှ သိရသည်။

 “ မိုးရွာ၊ နေပူရင် စခန်းတွေက အရမ်းဆိုးမှာ။ မိသားစုဝင်တွေ အများကြီးက ၆ ပေသာသာ တာလပတ် မိုးထားတဲ့အခန်းထဲမှာပဲ ပြွတ်သိပ်ပြီး နေရတော့ ကျန်းမာရေးအရလည်း အရမ်းဆိုးရွားလာမဲ့ အခြေအနေ ရှိပါတယ်” ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်ကူညီပေးစေချင်ကြောင်းလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ တောင်းဆိုထားသည်။

ရက္ခိုင့်တပ်(AA)နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်ဘေးရှောင် ၇၀၀၀ ကျော်ခန့် ရှိနေပြီ ဖြစ်သည်။

တိုက်ပွဲများလျော့ချရန်နှင့် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်အရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ ရက် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly