မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံး

မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံး

ဖေဖော်ဝါရီ ၂၃ ။         ။   မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရား ဘုရားပွဲတော် ကျင်းပလျှက်ရှိရာ သီတာရေစဉ်တည်းကျောင်းအနီး မန်းချောင်းတွင်  ဖေဖော်ဝါရီလ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း စကုမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ အမျိုးသားသည် အသက် ၃၆ နှစ်ခန့် အရွယ်ရှိပြီး ၄င်း၏ ခန္ဓာကိုယ်မှာ သီတာရေစဉ် တည်းကျောင်းအနီး ရေစပ်ကွမ်းယာဆိုင်တိုင်နှင့် ငြိပြီး သေဆုံးလျှက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် စကုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ရဲစခန်းမှတ်တမ်းအရ သိရှိရသည်။

ရေနစ်သေဆုံးသူသည် တောင်​တွင်​းကြီးမြို့၊ တောင်​ပြင်​(၁)ရပ်​ကွက်​၊​ အောင်​သိဒ္ဓိလမ်​း​နေ ကို​ဇော်​သိန်​း ဖြစ်ပြီး ၄င်းသူငယ်ချင်း ငါးယောက်နှင့် ဖေဖော်ဝါရီလ ၂၃ ရက် ၊နံနက်ပိုင်းက တောင်တွင်းကြီးမြို့မှ မန်းရွှေစက်တော်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် အတူပါလာသည့် သူငယ်ချင်းများ မသိဘဲ ၄င်းတစ်ယောက်တည်း ရေဆင်းချိုးကြောင်း၊ သူငယ်ချင်းများက ၄င်းကို မတွေ့ရှိ၍ လိုက်လံရှာဖွေရှာ ရေထဲတွင် သေဆုံးနေသည့် ၄င်း၏ ရုပ်အလောင်းကို တွေ့ရှိသည်ဟု ကြားသိရခြင်းဖြစ်ကြောင်း တောင်တွင်းကြီးမြို့၊ ကလျာဏသုခ လူမှုကူညီ​ရေးအသင်​းမှ ကိုကျော်ဇေယျက ပြောသည်။  

ပြီးခဲ့သည့်နှစ်က မန်းရွှေစက်တော်ဘုရားပွဲကာလ ၌ မန်းချောင်းတွင် ရေနစ်သေဆုံးသူ ၃ ဦး ရှိခဲ့သည်။

ရေနစ်သေဆုံးမှုများမရှိစေရန် ယခုနှစ်တွင် မန်းချောင်း ရေတိမ်ပြီး ရေဝဲများ မရှိအောင် ဆောင်ရွက်ထားသည်ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required