နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုအား MIC မှ ခွင့်ပြု

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုအား MIC မှ ခွင့်ပြု
ဓာတ်ပုံ - AFP

ဖေဖော်ဝါရီ ၂၂ ။               ။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပါအဝင် ကန်ဒေါ်လာသန်း ၁၈၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုအား MIC မှ ခွင့်ပြုပေးခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်( MIC )_၏ (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုပေးခဲ့သောလုပ်ငန်း ၇ ခုတွင် စပါးစိုက်ပျိုးရေး၊ ကြက်မွေးမြူရေး၊ အထည်လိပ်၊ စက်မှုဇုန် ၊ လျှပ်စစ် ဓာတ်အား၊ လက်လီလက်ကား ရောင်းဝယ်ခြင်းလုပ်ငန်းများ ပါဝင်နေသည်။

ဘယ်လ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုးအထည်များထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrial Complex) တည်ထောင် လည်ပတ်ခြင်း လုပ်ငန်း (အဆင့်-၁)၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှ လက်လီလက်ကား ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း နှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သိုလှောင်မှုလုပ်ငန်း တို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်း ၇ ခု ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂ ဒဿမ ၆၂၉) သန်း ရှိပြီး၊ ပြည်တွင်း အလုပ်အကိုင်၊ အခွင့်အလမ်းပေါင်း ၃,၅၇၂ ဦး ဖန်တီးပေးနိုင်မည် ဟု MIC မှ မျှော်မှန်းထားသည်။

ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။

 

Mizzima Weekly