ဖေဖော်ဝါရီ ၂၂ ။ ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ အမှိုက်သရိုက်တွေ စုပုံညစ်ပတ်နေတဲ့ ကမ်းခြေတွေကို စုပေါင်းသန့်ရှင်းမှုတွေ လုပ်ဆောင်နေလျက် ရှိပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်က ဆူမားတြားကျွန်း တောင်ဘက်စွန်းရှိ ကမ်းခြေတစ်ခုမှာ လူပေါင်း ရာချီ ဝိုင်းဝန်းပြီး ကမ်းခြေသန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ကျောင်းသားတွေ၊ စစ်သားတွေ၊ ဒေသခံတွေ ပါဝင်တဲ့ အင်အား အယောက် ၂၀၀ လောက်ဟာ ယင်း ကမ်းခြေမှာ လာရောက်စုပုံနေတဲ့ အမှိုက်သရိုက်တွေကို ဝိုင်းဝန်း ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။
Lampung ဒေသက အဆိုပါ ကမ်းရိုးတန်းမှာ လုပ်ခဲ့တဲ့ သန့်ရှင်းမှုတွေမှာတော့ အချိန် ၃ နာရီအတွင်းမှာပဲ အမှိုက်သရိုက် တန်ချိန် ၃၀ လောက် စုဆောင်းရရှိခဲ့တယ်လို့ သိရပါတယ်။
ယခုလို ကမ်းခြေတွေမှာ အမှိုက်သရိုက်တွေ မြင်မကောင်းအောင် စုပုံရောက်ရှိနေခြင်းကတော့ အင်ဒိုနီးရှားရဲ့ ပင်လယ်ရေကြောင်း ညစ်ညမ်းမှု ပြဿနာကို မီးမောင်းထိုးပြသနေသလို ဖြစ်နေပါတယ်။
လက်ရှိမှာလည်း အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယမြောက် ပင်လယ်ရေကြောင်း စွန့်ပစ်ပစ္စည်း အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်နေလျက်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ ပင်လယ်တွင်း အမှိုက်သရိုက်တွေကြောင့် ရေနေသတ္တဝါတွေ ထိခိုက်သေကျေမှု ဖြစ်စဉ်တွေ ပိုများလာခဲ့လို့ ယခုလို ကမ်းခြေသန့်ရှင်းရေးလုပ်ငန်းတွေ နိုင်ငံတစ်ဝှမ်း အပြိုင်အဆိုင်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။
အဓိက ခရီးသွားနေရာဖြစ်တဲ့ ဘာလီကျွန်းမှာဆိုရင်လည်း ယခုလို အမှိုက်သရိုက် ညစ်ညမ်းမှုပြဿနာကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက အမှိုက်သရိုက် အရေးပေါ်အခြေအနေအဖြစ် တာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာထားခဲ့ရပါသေးတယ်။