ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ။ ။ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်း၏ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်ကို လတ်တလောအနေဖြင့် နိုင်ငံတကာပွဲများတွင် တာဝန်မပေးရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ က ဆုံးဖြတ်ခဲ့သည်။
လူမှုကွန်ယက်ပေါ်တွင် ယူ-၂၂ ဘောလုံးအသင်းအား ဝေဖန်ပြစ်တင်သည့်ပရိသတ်များကို မသင့်မလျော် ပြန်လည် တုံ့ပြန်ခဲ့မှုကြောင့် ပရော်ဖက်ရှင်နယ်နည်းပြကျင့်ဝတ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ပေါ်လွင်ထင်ရှားသောကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
“အရေးယူမှုအပိုင်းအနေနဲ့တော့ အထွေအထူးပြောစရာမရှိပါဘူး။ စည်ကမ်းထိန်းသိမ်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပါတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်း၏ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် မြန်မာဘောလုံးပရိသတ်ကို ပြစ်တင်သည့် သဘော သက်ရောက်သောစာကို သူ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရေးသားခဲ့သည့်စာကို ဦးဖြိုးကိုကိုလှိုင်မှ ချက်ချင်းဆိုသလို ပြန်လည်ဖြုတ်ချခဲ့ပြီး တောင်းပန်သည့် ပို့စ်ကိုလည်း ချက်ခြင်းပြန်လည် ရေးသားတင်ခဲ့သည်။
“အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် စိတ်ခဏလေး တိုလိုက်တဲ့အချိန်မှာ တင်မိသွားလို့ပါ။ ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ရာထူးမှ ရပ်ဆိုင်းခံရသည့် ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင် က ရေးသားထားသည်။
မြန်မာ ယူ-၂၂ အသင်း၏ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် မြန်မာ့ဘောလုံးလောကတွင် ပရိသတ်ကို ပြန်ဝေဖန် ခြင်းကြောင့် ဘောလုံးအဖွဲ့ချုပ်၏ အရေးယူခဲ့ခြင်းကို ခံခဲ့ရခြင်းသည် ပထမဆုံးနည်းပြလည်း ဖြစ်သည်။