ခြေ/ဥပြင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ပါဝင်လာ

ခြေ/ဥပြင်ရေး ပူးပေါင်းကော်မတီတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ပါဝင်လာ
(ဓာတ်ပုံ- မင်းမင်း/ မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ အာဏာရ NLD ပါတီ ကြိုးပမ်းမှု၏ နောက်ဆက်တွဲအဖြစ် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်ရန် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က ဖေဖော်ဝါရီ ၂၁ရက်တွင် အသီိးသီး အမည်စာရင်း ပေးပို့လိုက်ပြီ ဖြစ်သည်။

 တပ်မတော်သားအစုအဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီတို့က အမည်စာရင်း ပေးပို့ခြင်းမရှိသေးသော်လည်း ကော်မတီဝင် ၃၅ဦးဖြင့် ပထမအကြိမ် ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး နောက်ထပ်တစ်ရက် အကြာတွင် ယခုကဲ့သို့ အသီးသီး ပါဝင်လာခြင်း ဖြစ်သည်။

 တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ပူးပေါင်းကော်မတီတွင် ပါဝင်ရန် ဗိုလ်ချုပ်တင်ဆွေဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် (၈)ဦးကို ယနေ့ အမည်စာရင်း ပေးပို့ထားကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ဖေဖော်ဝါရီ ၂၁ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။

 “ဒီကော်မတီမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့မှ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ အမည်စာရင်းပေးထားတဲ့ တပ်မတော်သားကိုယ်စားလှယ် ၈ဦးအနေနဲ့လည်း တစ်ကယ်ကို ပြောဆို၊ ဆွေးနွေးနိုင်တဲ့ တပ်မတော်သားတွေ ပေးထားပါတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

 ကော်မတီဖွဲ့စည်းခြင်းသည် ဥပဒေနှင့်မညီသောကြောင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်သည့်အတွက် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်ပါဆောင်ရွက််ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 သို့သော် “နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးစီးပွားကို ထိခိိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် တွေ ဆွေးနွေးလာတယ်ဆိုရင်တော့ ကျွန်တော်တို့က ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုသည်။

 သို့သော် အခြေခံဥပဒေပြဋ္ဌာန်းချက်များထဲမှ မည်သည့် ပုဒ်မများကို ပြင်ဆင်ပါက နိုင်ငံနှင့် တိုင်းရင်းသား အကျိုးစီးပွားကို ထိခိုက်နိုင်သည်ကိုမူ တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

 လွှတ်တော်အတွင်း နေရာရထားသည့် ကိုယ်စားလှယ် အချိုးအစားအရ ပူးပေါင်းကော်မတီတွင် နှစ်ဦး ပါဝင်ခွင့် ရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း မိုင်းပန်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့တို့ကို အမည်စာရင်း ပေးပို့ထားပြီး ဖြစ်သည်။

 ပူးပေါင်းကော်မတီတွင် ကြံ့ခိုင်ရေးပါတီ၏ ရပ်တည်ချက်နှင့်ပတ်သက်ပြီး “နိုင်ငံတော်ရဲ့အကျိုးစီးပွားပေါ့။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒီဟာတွေကိုတော့ ပယ်ဖျက်ခံလို့မရဘူး။ အဲ့ဒါတွေနဲ့ ထိခိုက်လာမယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွား အတွက် ကာကွယ်သွားရမှာ၊ အကြံပြုဆွေးနွေးသွားရမှာ၊ ကန့်ကွက်သွားရမှာပဲ” ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးသောင်းအေးက မဇ္ဈိမကို ပြောသည်။

ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည့် အစီရင်ခံစာကို ငါးလအတွင်း အပြီးလုပ်ဆောင်ရန် လျာထားသည်ဟု ယမန်နေ့က ပူးပေါင်း ကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ပေါက်တောမြို့နယ်အမတ် ဦးအောင်ကျော်ဇံက ပြောကြားသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိ တသီးပုဂ္ဂလ အမတ်လည်းဖြစ်သူ ဦးစိုးသိန်းကမူ ပူးပေါင်းကော်မတီ၏ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ “မအောင်မြင်နိုင်ဘူး” ဟု မှတ်ချက်ပြုသည်။

 “မဲခွဲရင် ဘယ်လိုလုပ်နိုင်မှာလဲ။ ညှိပြီးတော့ ဖြစ်နိုင်တာလေးတွေကို ရွှေ့ရတာ။ အခု ၂၆၁ ဆိုပါတော့ ဖြစ်နိုင်တယ်။ တိုင်းရင်းသားတွေကလည်း ကြိုက်တယ်။ တပ်မတော်ကလည်း လက်ခံတယ်။ လွယ်တာပေါ့။ ခက်တာ သွားလုပ်လို့ မရဘူး။ နောက် သိပ်ဖြစ်ချင်လွန်းလို့လည်း မရဘူး။ မင်း ဒီနေ့ မိန်းမယူမယ်၊ မနက်ဖြန် ကလေးမွေးမယ်။ သန်ဘက်ခါ တက္ကသိုလ်ရောက်မယ်ဆိုတာမျိုး ဒီမိုကရေစီမှာ မဖြစ်နိုင်ဘူး” ဟု ဦးစိုးသိန်းက ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ ယင်းဥပဒေ၏ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်လည်း လိုအပ်ကာ ပြည်သူထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်ကြောင်း ဖော်ပြထားသည်။

 ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်အမတ် စုစုပေါင်း၏ ၂ဝရာခိုင်နှုန်းက တင်သွင်းရမည်ဖြစ်ကာ ပြဋ္ဌာန်းချက်တစ်ချို့ကို လွှတ်တော်အမတ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required