အနာဂတ်ကာလကို မျှော်တွေးပြီး စဉ်းစားကြဖို့ တိုင်းရင်းသားများကို သမ္မတ တိုက်တွန်း

အနာဂတ်ကာလကို မျှော်တွေးပြီး စဉ်းစားကြဖို့ တိုင်းရင်းသားများကို သမ္မတ တိုက်တွန်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ။         ။ ပြည်ထောင်စုအတွင်း၌ ငြိမ်းချမ်းရေးရရှိသွားလျှင် ပြည်နယ်များ ဖွ့ံဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် အနာဂတ်ကာလကို မျှော်တွေးပြီး စဉ်းစားကြရန် တိုင်းရင်းသားပြည်သူများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလိုက်သည်။

“တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရယူနိုင်ပြီးနောက် မိမိတို့၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများအား အနာဂတ်ကာလတွင် မည်သို့ ဖွံ့ဖြိုးတိုးတက်လာမည် ၊ မည်သို့ မြင်တွေ့လိုကြသည် ကိုလည်း မျက်မှောက်ပြုလျက် အလေးအနက် သုံးသပ်စဉ်းစားကြစေလိုပါသည်” ဟု သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

(၇၂) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် အထက်ပါအတိုင်းရေးသားထားခြင်းလည်းဖြစ်သည်။

ယင်းအပြင် ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းသွားလျှင် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်ဖွ့ံဖြိုးလာပြီး တိုင်းရင်းသားပြည်သူများ၏ အိပ်မက်များ အထင်အရှား မြင်တွေ့လာကြမည်ဟုလည်း ယုံကြည်ထားသည်ဟု သမ္မတဦးဝင်းမြင့်က ဆိုသည်။

တိုင်းရင်းသားပြည်သူများ နှစ်ပေါင်း(၇၀) ကျော် မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ကို ကျင်းပပေးနေသည်ဟုလည်း သမ္မတဦးဝင်းမြင့်က သူ၏ သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

ယင်း အတွက်ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ မှပြုလုပ်ပေးနေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly