မာန်အောင်မြို့အနီး သင်္ဘောနစ်မြှုပ်မှု အသက်ရှင်ကျန်ရစ်သူ ၇ ဦးသာရှိ

မာန်အောင်မြို့အနီး သင်္ဘောနစ်မြှုပ်မှု အသက်ရှင်ကျန်ရစ်သူ ၇ ဦးသာရှိ
Photo-Rakhine Fire Force

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ။             ။ ရခိုင်ပြည်နယ် မာန်အောင်မြို့အနီး ဇီးတောကမ်းခြေ နှင့် ၄ မိုင်ခန့်အကွာတွင်  ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဆင်ပြောင် အမည်ရှိ သင်္ဘောတစ်စီး နစ်မြှုပ်ခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ ၇ ဦးသာ ရှိသည်ဟု မာန်အောင်မြို့နယ်မှ မီးသတ်ဦးစီးမှူး ဦးထိန်လင်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

 “လောလောဆယ်တော့ ၇ ဦးပဲ ရှင်တယ်။ ရှာနေတုန်းပဲ၊ ပင်လယ်ထဲမှာ လှိုင်းအရမ်းကြမ်းနေလို့ပါ” ဟု ဦးထိန်လင်းက မဇ္စျိမသို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီ ခွဲ အချိန်တွင် အတည်ပြုပြောဆိုသည်။

 သင်္ဘောပေါ်၌ လူ ၂၆ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ၇ ဦးသာ အသက်ရှင် ကျန်ရစ်ကာ ကျန်သူများသည် လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

 နစ်မြှုပ်ခဲ့သည့် သင်္ဘောသည် မာန်အောင်မြို့ ဇီးတောကမ်းခြေ လက်ဖက်ကျွန်း မီးပြတိုက်အတွက် လိုအပ်နေသည့် ပစ္စည်းများကို လာရောက်တပ်ဆင်ပြုပြင်သည့် သင်္ဘောဖြစ်ကြောင်း ကနဦးသိရသည်။

 လက်ရှိအခြေအနေတွင် သင်္ဘောနစ်မြှုပ်မှုကို တပ်မတော် ရေ မှ တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင်  မာန်အောင်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသည်။

 နောက်ဆက်တွဲသတင်းအချက်အလက်များကို မဇ္စျိမမှ ဆက်လက်စုံစမ်းတင်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly