ဆိုင်ကယ်မှောက်ပြီး ကားကြိတ်မိသဖြင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး

ဆိုင်ကယ်မှောက်ပြီး ကားကြိတ်မိသဖြင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံး
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ။         ။ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအနီးတွင် ကျောက်တင်ယာဉ်တစ်စီးမှ ဆိုင်ကယ်ကိုကျော်တက်ရန် ကားဟွန်းတီးစဉ် ဆိုင်ကယ်လဲကျပြီး ကားနောက်ဘီးဖြင့် ကြိတ်ခံရသဖြင့် အသက် ၁၄နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ရက်နေ့တွင် သီပေါမြို့နယ်၊ မန္တ္တလေး-လာရှိုးကားလမ်းပေါ်ရှိ စံဖိတ်ကျေးရွာအနီးတွင် အသက် (၂၀)အရွယ်ရှိ ယာဉ်မောင်းထွန်းထွန်းနိုင်မောင်းနှင်လာသည့် ဂေါ်ဒန်ကျောက်များ တင်ဆောင် ထားသော ၆ ဘီးယာဉ်သည် ရှေ့မှလားရာတူ စံဖိတ်ကျေးရွာနေသူ အသက် (၁၇)နှစ်အရွယ် မမြင့်မြင့်အေး မောင်းနှင်ပြီး နောက်တွင် မောင်ဖြစ်သူ အသက်(၁၁)နှစ်အရွယ် ၅ တန်းကျောင်းသား  မောင်ဖြိုးထက်ကျော် နှင့်(၁၄)နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဟိန်းထက်အောင်တို့ လိုက်ပါလာသော ဆိုင်ကယ်ကို ကပ်၍ ကျော်တက်ရန် ကားဟွန်းတီးစဉ် ဆိုင်ကယ်မှာ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ပြီး မောင်ဟိန်းထက်အောင်အား ကားနောက်ဘီးဖြင့်ကြိတ်မိသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ကားနောက်ဘီးဖြင့်ကြိတ်ခံခဲ့ရသဖြင့် မောင်ဟိန်းထက်အောင်သည် ဦးခေါင်းကြေမွ၊ ညာဘက် ခြေထောက်ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မောင်ဖြိုးထက်ကျော် တွင် ပေါက်ပြဲဖူးရောင် ဒဏ်ရာများရရှိခဲ့ကာ မမြင့်မြင့်အေးတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို သီပေါပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျောက်တင်ယာဉ်၏ ယာဉ်မောင်း ထွန်းထွန်းနိုင်ကို သီပေါမြို့မရဲစခန်းတွင် ယာဉ်(ပ)၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly