နှစ်နိုင်ငံအငြင်းပွားနေသည့်နေရာသို့ မြန်မာ-တရုတ် ကိုယ်စားလှယ်များ မြေတိုင်းတာမှု ပြုလုပ်

နှစ်နိုင်ငံအငြင်းပွားနေသည့်နေရာသို့ မြန်မာ-တရုတ် ကိုယ်စားလှယ်များ မြေတိုင်းတာမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။            ။ လက်နက်ကိုင်ဆောင်ထားသည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုကိုတားဆီးခဲ့သည့် မူဆယ်မြို့ ဆင်ဖြူ စျေး ကော်မတီရုံးတည်ဆောက်နေသည့် နေရာကို မြန်မာ-တရုတ်ကိုယ်စားလှယ်များ သွားရောက်ကာ မြေတိုင်း မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် စျေးကော်မတီဆောက်လုပ်မှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက မြန်မာ ဘက်မှ ရပ်ဆိုင်းပေးထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် နှစ်နိုင်ငံ တာဝန်ရှိသူများက သွားရောက်၍ မြေတိုင်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

“ သူတို့ နှစ်နိုင်ငံမြေတိုင်းအဖွဲ့တွေနဲ့တိုင်းပြီးသွားပါပြီ။ အဖြေကတော့ ကျွန်တော်တို့ကို အကြောင်းမပြန်သေး ပါဘူး။ သမ္မတရုံး တင်မယ်၊ ပြီးရင်တော့ထုတ်ပြန်ပေးမှာပါခင်ဗျ” ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

သို့သော် မဇ္စျိမမှ စုံစမ်းသိရှိသောအချက်အလက်များအရ အဆိုပါ မြေအငြင်းပွားနေသည့်နေရာသည် နှစ်နိုင်ငံနယ်စပ်မျဉ်းကြားရှိ ၁၀ မီတာနေရာအတွင်းပါဝင်နေကြောင်း၊ နှစ်နိုင်ငံနယ်စပ်မျဉ်းကြားရှိ ၁၀ မီတာနေရာသည် အဆောက်အဦအခိုင်အမာတည်ဆောက်ခွင့် မရှိသောနေရာအဖြစ် နှစ်နိုင်ငံသဘော တူညီထားသောနေရာလည်းဖြစ်ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

ထိုသို့ မြေတိုင်းမှုများ ကို တရုတ်နိုင်ငံ ပီကင်းမြို့မှတာဝန်ရှိသူများအပြင် မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဌာန၊ ပြည်ထဲရေးဌာနတို့မှ တာဝန်ရှိသူများအပြင် မြေတိုင်းအဖွဲ့တို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါနေရာတွင် ဆင်ဖြူစျေး ကော်မတီရုံးခန်းတည်ဆောက်မှုကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တရုတ်ဘက်မှ လက်နက်အပြည့်အစုံပါသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် မြန်မာဘက်သို့ ဝင်ရောက်ကာ တားဆီးခဲ့ပြီး မြန်မာဘက်မှလည်း ယင်းသို့ ဝင်ရောက်လာမှုအပေါ် ကန့်ကွက်စာပြန်လည် ပေးပို့ခဲ့ဖူးသည်။

ထို့အပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဘက်ရှိ ဖိုင်းကောင်း ကျေးရွာတွင် မြန်မာပိုင်နက်အတွင်း တူညီဝတ်စုံဝတ်ထားသော တရုတ်နိုင်ငံသားများ ဝင်ရောက် ကာ ခြံစည်းရိုးခတ်ရန် ကြိုးပမ်း၍ တားမြစ်ခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

ဖိုင်းကောင်းကျေးရွာသည် ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကိုးလမ်းပေါ်တည်ရှိပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ကတည်းက မြန်မာဘက်ခြမ်းရှိ ဒေသခံများနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ပြဿနာအငြင်းပွားမှုများ ရှိနေခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း၌ တရုတ်နိုင်ငံဘက်မှ ယူနီဖောင်းဝတ်များ ဝင်ရောက်လာကာ လယ်မြေ ဧက ၇၀ ခန့်ကို တိုင်စိုက်ပြီး ၄င်းတို့ပိုင်ကြောင်း သတ်မှတ်ခဲ့၍ နယ်စပ်အငြင်းပွားမှုတချို့ ဖြစ်ပွားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly