ကလေးပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက်အမွှာ နှစ်ဦးကို အောင်မြင်စွာ မွေးဖွား

ကလေးပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက်အမွှာ နှစ်ဦးကို အောင်မြင်စွာ မွေးဖွား

ကလေး၊ဖေဖော်ဝါရီ ၂ ။            ။ ကလေးမြို့ပြည်သူ့ဆေးရုံတွင် အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏ ရင်ချင်းဆက်အမွှာညီအစ်မ ၂ ဦးကို ဖေဖော်ဝါရီ (၁) ရက်နေ့ နံနက်ပိုင်းက အောင်မြင်စွာမွေးဖွားခဲ့ပြီး မန္တလေး ဆေးရုံသို့ပြန်လည်လွှဲပြောင်းကာ ရင်ချင်းဆက်နေမှုကို ခွဲစိတ်နိုင်ရေးအတွက် ဆက်လက် လုပ်ဆောင် မည်ဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာနုနုထွေး ကပြောသည်။

ကလေးမြို့ ပြည်သူ့ဆေးရုံတွင် မိခင်ဒေါ်သီတာဝင်း အသက်(၂၈) နှစ် ၏ရင်ချင်းဆက်အမွှာကို သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးသင်း ၊သားဖွား မီးယပ်အထူးကုဆရာဝန်ဒေါက်တာနီလာထွေး ၊ လက်ထောက်အထူးကု ဆရာဝန်ဒေါက်တာခိုင်မွန်ကျော် ၊လက်ထောက်ဆရာဝန် ဒေါက်တာဝင်းထွန်းအောင် မေ့ဆေးဆရာဝန်ဒေါက်တာ ကျော်မျိုးသန့် နှင့် ဆရာ ဆရာမများက ခွဲစိတ်မွေးဖွားပေးခဲ့ကြကြောင်း သိရသည်။

"ခွဲစိတ်မွေးဖွားခဲ့တာ ၁ နာရီကျော်ကြာခဲ့တယ်။အမှားအယွင်းမဖြစ်မိအောင်လည်း ဂရုစိုက်လုပ်ခဲ့ ရတယ်။ သာမန်ခွဲစိတ်နှုန်းက ၄၅ မိနစ်လောက်ပဲရှိပါတယ်။အခုဟာက ရင်ချင်းဆက်အမွှာဆိုတော့ ကြာတာပေါ့။ အခုလဲ ကလေးကျန်းမာရေးအခြေအနေ စောင့်ကြည့်နေပါတယ်။ကျန်းမာရေး ကောင်းမွန်းလာရင် မန္တလေးဆေးရုံမှာ ခွဲစိတ်သွားမယ်"ဟု ဒေါက်တာနုနုထွေးကပြောသည်။

မွေးဖွားလာသော ကလေးများသည် (၈)ပေါင် (၈)အောင်စ ရှိပြီး ကလေးများကျန်းမာရေးအတွက် ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး၊လက်ထောက်အထူးကု ဒေါက်တာစိုးမင်းထက်၊လက်ထောက် ဆရာဝန် ဒေါက်တာ ဝင်းမိုးသိန်း တို့က စောင့်ကြည့်ကုသပေးလျက်ရှိသည်။

မွေးဖွားလာသောရင်ချင်းဆက်အမွှာညီအစ်မကို ကလေးမြို့ပြည်သူ့ဆေးရုံမှစောင့်ကြပ်ကုသပေးလျက်ရှိပြီး ကျန်းမာရေးကုသမှုများ ဆက်လက်ပြုလုပ်နိုင်ရေးနှင့် ခွဲစိတ်မှုပြုလုပ်နိုင်ရေးတို့အတွက် အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်လိုသူများအနေဖြင့် မိဘများထံသို့တိုက်ရိုက်သော်လည်းကောင်း ၊ ဆေးရုံအုပ်ကြီးမှတဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ကလေးမြို့ပြည်သူ့ဆေးရုံအနေဖြင့် ရင်ချင်းဆက်အမွှာပူးညီအစ်မနှစ်ဦးပုံစံမျိုးကို ပထမဆုံးအကြိမ် မွေးဖွားပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly