လွှတ်တော်ထဲ ဝင်ချင်ရင် ပြည်သူထောက်ခံမှု ရအောင်ယူရမယ်လို့ ဒေါ်စု ပြော

လွှတ်တော်ထဲ ဝင်ချင်ရင် ပြည်သူထောက်ခံမှု ရအောင်ယူရမယ်လို့ ဒေါ်စု ပြော

နေပြည်တော်(ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၉ခုနှစ်)။        ။ ဥပဒေပြုရေးမဏ္ဍိုင်သို့ ဝင်ရောက်လိုပါက သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လိုပါက ပြည်သူလူထု၏ ထောက်ခံမှုရရှိအောင် သင်ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“လွှတ်တော်ထဲကို ဝင်ချင်လို့ရှိရင်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် ပြည်သူလူထုရဲ့ ထောက်ခံမှုရအောင် ယူရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ထမင်းစားခန်းမဆောင်တွင် ဖေဖော်ဝါရီ ၁ရက်က ကျင်းပသည့် ဒုတိယ အကြိမ်လွှတ်တော်၊ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

 “ဘယ်လို ဒီထောက်ခံမှုကို ရအောင်ယူရသလဲဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ် တစ်ဦးချင်း၊ တစ်ဦးချင်းဟာ သင်ယူရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန် ရှိလာပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး တက်ရောက်သည့် ထိုအခမ်းအနားတွင် ပြောကြားခဲ့သည်။

 “အခုဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း လွှတ်တော်ကိုယ်စားလှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆာင်ဖို့ဆိုတာဟာ ဒီမိုကရေစီ ကို ပြုစုပျိုးထောင်တဲ့ အလုပ်တစ်ခုပဲလို့ ကျွန်မတို့ ဒီလိုပဲ မြင်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို အာဏာရ NLD ပါတီကိုယ်စားပြုလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က ဇန်နဝါရီ ၂၉ရက် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းမှာ လုပ်ထုံးလုပ်နည်း မှားယွင်းသည်ဟုဆိုကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

 ယင်းအဆိုနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဝင်ရောက်ဆွေးနွေးမည် မဟုတ်သလို အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ကန့်ကွက်ဆွေးနွေးမည် ဖြစ်သည်။

 အတိုက်အခံပါတီများသည် တိုက်ခိုက်ဖို့ မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး အရည်အချင်း မြင့်မားအောင် လုပ်ပေးရန်ဖြစ်ကြောင်း၊ မတူကွဲပြားသည့် အမြင်ရှိသော အဖွဲ့စည်းရှိမှသာ ပိုမို တိုးတက်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သေးသည်။

 
“ဘယ်သူပဲ ဝေဖန် ဝေဖန်၊ ဘယ်သူပဲ တိုက်ခိုက်၊ တိုက်ခိုက် ကိုယ်တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံ့ အကျိုးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ ရပ်တည်ရဲတဲ့ သတ္တိ ရှိရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရည်တည်ချက်ဟာ နိုင်ငံကို အကျိုးမပြုဘူးဆိုရင်တော့ ပြောင်းလဲရဲတဲ့ သတ္တိရှိဖို့ လိုသလို ပြောင်းလဲတတ်တဲ့ ပညာလည်း ရှိဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 NLD ဦးဆောင်သည့် လွှတ်တော်သက်တမ်း သုံးနှစ်ပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး တက်ရောက်ကြသည်။

 (ဓာတ်ပုံ- မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly