NCA ထိုးထားသော်လည်း အရေးကြီးသည့်အချက်များသဘောတူညီမှုမရသေးဟု KNLA စစ်ဦးစီးချုပ်ပြော

NCA ထိုးထားသော်လည်း အရေးကြီးသည့်အချက်များသဘောတူညီမှုမရသေးဟု KNLA စစ်ဦးစီးချုပ်ပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။          ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုထိုးပြီးနောက် အစိုးရ၊ တပ်မတော်တို့နှင့်ဆွေးနေသော်လည်း တိုင်းရင်း သားများဘက်မှလိုလားသည့် အရေးကြီးသော သဘောတူညီမှုများ ညှိနှိုင်းမရရှိသေးကြောင်း KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီကပြောဆိုလိုက်သည်။

လက်ရှိ NCA စာချုပ်ပါအချက်အလက်များကိုအကောင်အထည်ဖော်ရာတွင် ကြုံတွေ့နေရသည့် အားသာချက်၊ အားနည်းချက်များနှင့်ပတ်သက်၍ မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အားသာချက် အားနည်းချက် ဘာပဲပြောပြောအခုဟာက အပစ်အခတ်ရပ်တာ ၇ နှစ်ရှိပြီ။ ကျွန်တော်တို့လို ချင်တဲ့ တန်းတူအခွင့်အရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ကျန်တာတော့ဘာမှမရဘူး။ ဒါပေမယ့် သွားတာက ဘယ်ပဲ သွားသွား ရန်ကုန်ပဲသွားသွား ဘယ်ပဲသွားသွား အဆင်ပြေတယ်။ဒါပေမယ့် အရေးကြီးတဲ့အရာ တွေဘာမှမရဘူး” ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီကဆိုသည်။

ထို့အပြင် NCA စာချုပ်အကောင်အထည်ဖော်သည့်ကာလတွင် အခက်အခဲကြုံတွေ့နေရသည့် တစ်ခုတည်း သောတပ်မတော် ထားရှိရေး၊ ခွဲထွက် မထွက်နှင့် လက်နက်ဖြုတ်သိမ်းရေးတို့နှင့် ပတ်သက်၍လည်း ၄င်း ကပြောဆိုခဲ့သည်။

“ အုပ်ချုပ်တဲ့သူကတကယ်လို့ တန်းတူအခွင့်အရေးပေးမယ်ဆိုရင် ခွဲထွက်ရင်ဘယ်မှာသွားနေမလဲ။ ဟိုတောင် ပေါ်မှာသွားနေရမှာလား။ အုပ်ချုပ်တဲ့သူက တိုင်းရင်းသားခွဲမထွက်အောင် ဘယ်သူ့တာဝန်လဲ။ ကရင်ကခွဲ မထွက်အောင် ဗမာမှာတာဝန်မရှိဘူးလား။ တကယ်လို့အုပ်ချုပ်တဲ့သူက တန်းတူအခွင့်အရေးပေးရင် ဒီမြန်မာ ပြည်မှာ ဘယ်တော့မှပြည်တွင်းစစ်မဖြစ်တော့ဘူး” ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီကဆိုသည်။

ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်မီးတွေကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့တာကြောင့် KNU ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေးရအောင်ပိုပြီးကြိုစားပေးကြရန်လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က မေတ္တာရပ်ခံခဲ့သည်။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ကျရောက်ခဲ့သည့် ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့်ကို NCA လက်မှတ်ရေးထိုးထားသော EAOs လက်နက်ကိုင်ထိပ်ပိုင်းခေါင်းဆောင်များ နှင့် အစိုးရဘက်မှ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

 

ထို့အပြင် ယခင်သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သော ဦးအောင်မင်းအပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များပါတက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly