အိမ်ပြန်ချိန်မသိနိုင်သေးသော ရခိုင်ဒေသ စစ်ဘေးရှောင်ရသူများ

By အောင်ငြိမ်းချမ်း
01 February 2019
အိမ်ပြန်ချိန်မသိနိုင်သေးသော ရခိုင်ဒေသ စစ်ဘေးရှောင်ရသူများ
ကျေးရွာ ၇ ခုမှ ဒေသခံ ၁,၀၀၀ ကျော် ခိုလှုံနေသည့် နေရာတွင် ဤကလေးငယ် အပါအဝင် ကလေးအများအပြားကို တွေ့နိုင်သည်။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

ဆောင်းနံနက်ခင်းတစ်ခုတွင် ရုတ်တရက် ပေါ်ထွက်လာသော သေနတ်သံများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာလေးသည် ပုရွက်ဆိတ်အုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို ဖြစ်သွားသည်။ 

ယခင်နေ့များက ခပ်သဲ့သဲ့သာ ကြားရသည့် သေနတ်သံတို့သည် ဇန်နဝါရီ ၁၃ တွင်မူ  ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အပြင်   စာသင်ကျောင်း အဆောက်အအုံကိုပင် ကျည်ဆံ အများအပြား လာရောက် ထိမှန်သဖြင့် ဒေသခံတို့ ဝရုန်းသုန်းကားဖြစ်သွားသည်။

ရွာသားတို့သည် ယာယီစစ်ရှောင်စခန်းဖြစ်လာမည့် ဒုံးသိမ်ရွာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံကြသည်။ ထွက်ပြေးရန် အခြေအနေ မပေးသော အသက် ၈ဝ ဝန်းကျင် အမျိုးသားနှစ်ဦးကိုလည်း ၈ ရက်ခန့် အကြာတွင် သွားရောက် ခေါ်ယူနိုင်ပြီ ဖြစ်သောကြောင့် ပိုမို လုံခြုံစိတ်ချရသော နေရာသို့ တစ်ရွာလုံး ရောက်ရှိနေကြသည်။ 

နောက်မှရောက်လာသူတစ်ဦးဖြစ်သည့် အမြင်အာရုံချို့ယွင်းနေသူ  ၇၅ နှစ်အရွယ် ဦးပြိုင်သာကျော်က အခြားသူများနည်းတူ နေရာသစ်တွင် ကြာရှည် နေထိုင်လိုခြင်းမရှိဟု ပြောသည်။

“ကိုယ့်အိမ် ကိုယ့်ယာကို တမ်းတမိတာပေါ့။  ဖြစ်နိုင်ရင်တော့ ပြန်ချင်တယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း မည်သည့်ကာလတွင် အလယ်ချောင်းကျေးရွာသို့ ပြန်လည် နေထိုင်နိုင်မည်ဖြစ်ကြောင်း မျက်မမြင်အဘိုးကို မည်သူကမျှ အဖြေပေးနိုင်ခြင်း မရှိပေ။

မကြာသေးခင်က လက်နက်ကိုင်တိုက်ပွဲတို့နှင့် အတူ ပေါ်ပေါက်ခဲ့သော ရခိုင်ဒေသ စစ်ရှောင်စခန်းများသည် အခြားဒေသမှ စစ်ရှောင်စခန်းများ နည်းတူ ကာလကြာရှည် တည်ရှိနေမည်ကို နေရပ်စွန့်ခွာလာရသူတို့က စိုးရိမ်နေကြသည်။

မပြေးနိုင်သော လူကြီး ၂ ဦး

ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခတို့သည်  လူဦးရေ ၂၆ဝ ခန့် နေထိုင်ရာ အလယ်ချောင်းကျေးရွာသို့ ကူးစက်ခြင်း မရှိခဲ့ပေ။ ယခု ပေါ်ပေါက်နေ သော  တိုက်ပွဲတို့သည် ရွာအထိ ရောက်လာချိန်တွင် မိသားစုဝင်များ အချိန်မီ လွတ်မြောက်နိုင်ရေးကို ရှေးရှု၍  အဘိုးအိုနှစ်ဦးလုံးက ရွာတွင် ကျန်နေခဲ့ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဤတွင် အမြင်အာရုံ ချို့ယွင်းနေသူ ဦးပြိုင်သာကျော် နေထိုင်စားသောက်ရေးအတွက် ကူညီမည့်သူမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခမည်းခမက်လည်း ဖြစ်သော ၇၈ နှစ် အရွယ် ဦးစိန်ဘန်း ဖြစ်လာသည်။ ဦးစိန်ဘန်းသည် ရင်ကျပ်ဝေဒနာ ဖြစ်ပွားနေသဖြင့် ရွာသားများနှင့်အတူ လိုက်ပါ ပြေးလွှားနိုင်ခြင်းမရှိပေ။ 

“မျက်စိမမြင်တဲ့သူငယ်ချင်းလည်း ရှိနေတယ်။ သူ့ကို တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး” ဟု ဦးစိန်ဘန်းက ဆိုသည်။

ပစ်ခတ်သံများ ရပ်မသွားသဖြင့်  မိသားစုနှင့် ရွာသားတို့ စစ်ရှောင်စခန်းသို့ရောက်ပြီး ရက်အနည်းငယ်ကြာသည်အထိ သူတို့နှစ်ဦးကို သွားရောက်ခေါ်ယူရန် အခြေအနေ မပေးခဲ့ပေ။

ပစ်ခတ်မှုများ တန့်သွားသည့် ဇန်နဝါရီ ၂၀ တွင်  ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က မီးစိမ်းပြမှ သွားရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု မိသားစုတို့က ဆိုသည်။

ရွာထဲတွင် ရက်အတန်ကြာ နှစ်ဦးတည်း ရှိနေကြစဉ် မျက်နှာချင်းဆိုင်အိမ်မှ ငယ်သူငယ်ချင်းက လိုအပ်တာမှန်သမျှ ကူညီပေးသည်ဟု အမြင်မသန်စွမ်းသည့် ဦးပြိုင်သာကျော်က ပြောသည်။

“အသေးအမွှားကအစပေါ့ အိမ်သာ သွားတာ၊ ကွမ်းစားတာ၊ ရေခပ်တာက အစ သူပဲလုပ်ပေးတာ။ သူငယ်ချင်း ရှိနေလို့သာပဲလေ။ သူသာမရှိရင် ဘယ်လိုလုပ်ရမလဲတောင်မသိဘူး” ဟု ၎င်းက ပြောသည်။

စားရေးသောက်ရေးအတွက် စီစဉ် ချက်ပြုတ်ရန်မှာ ဦးစိန်ဘန်း၏ တာဝန် ဖြစ်လာသည်။  အိမ်တွင် ရှိနေသည့်ဆန်၊ အသီးအနှံတို့က ၎င်းတို့နှစ်ဦး ရပ်တည်နိုင်ရေးအတွက် အကြီးမားဆုံး အထောက်အကူ ပြုခဲ့သည်။

 

img_20190121_155616.jpg

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီး ကျေးရွာတွင် ရက်အတန်ကြာ ပိတ်မိပြီးမှ  စစ်ရှောင်စခန်းရောက် မိသားစုတို့နှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့သည့် ဦးပြိုင်သာကျော်နှင့် ဦးစိန်ဘန်း (ဓာတ်ပုံ-ကိုကျော်ကျော်နိုင်)

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီး ကျေးရွာတွင် ရက်အတန်ကြာ ပိတ်မိပြီးမှ စစ်ရှောင်စခန်းရောက် မိသားစုတို့နှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့သည့် ဦးပြိုင်သာကျော်နှင့် ဦးစိန်ဘန်း (ဓာတ်ပုံ-ကိုကျော်ကျော်နိုင်)

တိုက်ပွဲ အတွေ့အကြုံကို တစ်ခါမှ မကြုံဖူးသည့် သူတို့နှစ်ဦးသည် အသက်ကြီးမှ စစ်ဘေးရှောင်ဘဝကို ရောက်ရသည့်အတွက် ဝမ်းပန်းတနည်း ရှိနေကြသည်။ ရက်အတန်ကြာ ခက်ခဲသည့် အချိန်ကာလများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြပြီးနောက် သူတို့ မွေးဖွားကြီးပြင်းနေထိုင်လာကြသည့် နေရပ်ကို အခြေအနေရ စွန့်ခွာခဲ့ရသည့်အတွက်လည်း  ကြေကွဲနေကြသည်။ 

ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် မကြာသေးမီနှစ်များအတွင်း ပေါ်ပေါက်လာသည့် ပဋိပက္ခတို့ကြောင့် ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရာ ၎င်းတို့အထဲမှ အများအပြားသည် ဦးစိန်ဘန်းတို့နှစ်ဦးကဲ့သို့ စခန်းအသီးသီးတွင် သောင်တင်နေကြဆဲဖြစ်သည်။

ပစ်ခတ်မှုများ အစပြုခြင်း

ပြီးခဲ့သည့်လအနည်းငယ်အတွင်း ရခိုင်ဒေသ တိုက်ပွဲများသည် တပ်မတော်နှင့် AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် KIA လက်နက်ကိုင်အဖွဲ့ နယ်မြေတွင် စတင် တည်ထောင်ခဲ့သည့် AA သည် ခြောက်နှစ်ခန့် ကြာသောအခါ ရခိုင်မြောက်ပိုင်းတွင်လည်း သိသိသာသာ လှုပ်ရှားလာသည်။ ကနဦးတွင် တပ်မတော်နှင့် တိုက်ပွဲ အနည်းငယ်သာဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာသည်။

တပ်မတော်က ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တည်ရှိသည့် စစ်တိုင်းဌာနချုပ် ၅ ခု နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ၄ လကြာ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ တွင် ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် ရခိုင်ပြည်နယ် ပါဝင်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကို ထည့်သွင်းခြင်း မပြုရသည့် အကြောင်းရင်းမှာ ARSA အကြမ်းဖက်အဖွဲ့ လှုပ်ရှားခဲ့သည့် ဒေသဟူသော အချက်ကြောင့် ဖြစ်သည်ဟု တပ်မတော် အရာရှိတို့က ဆိုသည်။

ထိုသို့ ကြေညာပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း AA နှင့် တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရမှု အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA အဖွဲ့ကို ချေမှုန်းရန် ညွှန်ကြားထားကြောင်း တပ်မတော်က သတင်းထောက်များကို ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ပြောခွင့်ရ ခိုင်သုခက ရခိုင်ဒေသ လတ်တလော ပဋိပက္ခ ဖြစ်စဉ်အတွက် ဦးဆောင် တိုက်သည့် ဗိုလ်ချုပ်များနှင့် ညွှန်ကြားသည့် အတိုင်ပင်ခံပုဂ္ဂိုလ်တွင် တာဝန်ရှိကြောင်း Myanmar Now ကို ပြောသည်။

 

0003.jpg

မိခင်နှင့်အတူ တွေ့ရသည့် ငါးရက်သားလေးမှာ ခိုလှုံနေသူတို့အနက် အငယ်ဆုံးများထဲတွင် ပါဝင်သည်။ (ကန်စောက်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

မိခင်နှင့်အတူ တွေ့ရသည့် ငါးရက်သားလေးမှာ ခိုလှုံနေသူတို့အနက် အငယ်ဆုံးများထဲတွင် ပါဝင်သည်။ (ကန်စောက်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

 

၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲ ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ပဋိပက္ခဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသည့် ပြည်တွင်းအခြေစိုက် Burma Monitor အဖွဲ့က မှတ်တမ်းတင်ထားသည်။ 

အာဏာပိုင်တို့က တိုက်ပွဲနယ်မြေဝန်းကျင်တွင် အရပ်သားအများအပြားကို ယခု လအတွင်း စစ်ဆေးမေးမြန်းခဲ့သည်၊ စစ်ရှောင်စခန်းသို့ရောက်ရှိနေသည့် အလယ်ချောင်းရွာသား ဆယ်အိမ်မှူးဖြစ်သူ ဦးအောင်ထွန်းစိန်ကို  AA နှင့် ဆက်သွယ်သည်ဟု  စွပ်စွဲကာ အရေးယူ ထိန်းသိမ်းထားသည်။ ဒေသတွင်း အလားတူ  အရေးယူခံနေရသူ ၆ ဦး ရှိပြီ ဖြစ်ပြီး ထိုအထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပါဝင်သည်။ 

ဇန်နဝါရီ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် နေအိမ်တွင်ရှိနေသော ၇ နှစ်အရွယ် မောင်နိုင်စိုး၏ ဦးခေါင်း ကျည်ဆံ ရှပ်ပြီးထိမှန်ခဲ့ရာ ၂ ရက်အကြာတွင် ထိုကလေး သေဆုံးသွားသည်။ 

တိုက်ပွဲများ ရွာအနီး ဖြစ်ပွားပါက မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ရန် လိုအပ်ကြောင်း ဤဖြစ်ရပ်က ညွှန်ပြနေသည်။

စခန်းများ

တိုက်ပွဲများကြောင့် ဒေသခံ အများအပြား နေရပ် စွန့်ခွာ တိမ်းရှောင်ကြရာ  ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များတွင် စစ်ရှောင်စခန်း ၁၅ ခုထက်မနည်း ပေါ်ပေါက်လာသည်။ တိမ်းရှောင်ရသူတို့ကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC )၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) တို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတချို့က ကူညီခဲ့သည်။

စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက စစ်ရှောင်များ နေထိုင်နေကြရသည့် အခြေအနေမှာ ဆိုးဝါးနိမ့်ကျနေပြီး ထောက်ပံ့မှုများကလည်း ထိရောက်မှု မရှိသေးကြောင်း သုံးသပ်သည်။ 

စစ်ရှောင်ရွာသားတို့ အထောက်အပံ့ လုံလုံလောက်လောက် ရရန်အတွက် နိုင်ငံတကာ ကူညီရေး အဖွဲ့အစည်းများကို အစိုးရက တွန်းအား ပေးသင့်ကြောင်း၊ ထိုအဖွဲ့များကလည်း ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကိုလည်း ၎င်းက အကြံပြုသည်။

မကြာသေးမီကာလ တိုက်ပွဲများကြောင့်  လူဦးရေ ၅,၀၀၀ ခန့် နေရပ်စွန့်ခွာရကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကူညီရေးအဖွဲ့ ၁၈ ခုက ဇန်နဝါရီ ၂၂ တွင် ကြေညာချက် ထုတ်ထားသည်။   

ရခိုင်စစ်ဘေးရှောင်များကို သိန်း ၈၀၀ ကျော်ခန့် ကူညီပြီးဖြစ်ကြောင်း၊ ဆန်နှင့် အိမ်အသုံးအဆောင် ပစ္စည်းများကို အဓိကထားကူညီသွားမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

 

0002.jpg

ခိုလှုံသည့် နေရာ သန့်ရှင်းရေးအတွက် လုပ်အားပေးနေကြသော အလယ်ချောင်း ကျေးရွာမှ ကလေးငယ်များ။ (ဒုံးသိမ် စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

ခိုလှုံသည့် နေရာ သန့်ရှင်းရေးအတွက် လုပ်အားပေးနေကြသော အလယ်ချောင်း ကျေးရွာမှ ကလေးငယ်များ။ (ဒုံးသိမ် စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်) (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

 

“အကူအညီတွေက အခုလည်း ပေးနေတုန်းပဲ။ ရပ်မသွားဘူး။ နောက်ထပ်အစီအစဉ်တွေလည်းရှိနေတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။ 

ဒုံးသိမ် စစ်ရှောင်စခန်းတွင် အကူအညီပေးသည့် အဖွဲ့ ၁၀ ဖွဲ့ခန့် ရောက်ရှိခဲ့သော်လည်း လိုအပ်မှုများ ရှိနေဆဲဖြစ်သည်။

လူနေတဲများ တည်ဆောက်ရန် ကုန်ကြမ်းများ၊ အခြေခံအိမ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စခန်းတာဝန်ခံ  ၂၄ နှစ် အရွယ် ကိုကျော်ကျော်နိုင်က ပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စခန်းသည် လူပေါင်း ၁,၀၀၀ ကျော် ခိုလှုံလျက်ရှိရာ လူဦးရေ အများဆုံး စစ်ရှောင်အများဆုံးစခန်းဖြစ်နေသည်။ မကြာသေးမီ ရက်များအတွင်း Myanmar Now က ထိုစခန်းသို့ သွားရောက် လေ့လာခဲ့ရာ စခန်းတွင် ခိုလှုံနေသူ ငဇရိုင်းရွာသား ကိုစန်းထွန်းက ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်သွားမည်ကို မျှော်လင့်နေသည်ဟု ပြောသည်။

“နေရပ်ကိုပြန်နိုင်ဖို့ ဆိုတာကတော့ အေးချမ်းတဲ့အချိန်မှပဲ ပြန်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ် ” ဟု ၎င်းက ဆိုသည်။

ကိုစန်းထွန်းသည် သူမျှော်လင့်နေသည့် အေးချမ်းသည့်အချိန်ကာလ ရောက်ရန် မည်မျှ စောင့်စားရမည် ဆိုသည်ကို မည်သူမျှ မပေးနိုင်သေးသည့် အဖြေ ဖြစ်နေလေသည်။     ။

Mizzima Weekly