ပြည်တွင်းထုတ် လက်နက်ခဲယမ်းများဖြင့် ပြည်ပကျူးကျော်စစ်ကို ဟန့်တားရန် ကြည်း၊ လေ ပူးပေါင်းလေ့ကျင့်

ပြည်တွင်းထုတ် လက်နက်ခဲယမ်းများဖြင့် ပြည်ပကျူးကျော်စစ်ကို ဟန့်တားရန် ကြည်း၊ လေ ပူးပေါင်းလေ့ကျင့်
 ဓာတ်ပုံ - သူရ/မဇ္စျိမ

မိတ္ထီလာ(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၉ခုနှစ်)။      ။ မြန်မာ့တပ်မတော်က ထုတ်လုပ်သည့် လက်နက်ခဲယမ်း အများစုကို အသုံးပြုကာ ပြည်ပကျူးကျော်စစ်ကို ချေမှုန်းသည့် အသွင်ဖြင့် တပ်မတော်(ကြည်း)(လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုတစ်ခုကို ဇန်နဝါရီ ၃၁ရက်တွင် ပြုလုပ်ခဲ့သည်။

ဘုရင့်နောင် လေ့ကျင့်ခန်းဟု အမည်ပေးထားသည့် တပ်မတော်(ကြည်း၊ လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ဒေသတွင် ဇန်နဝါရီလ ၃၁ရက်နေ့နံနက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“စစ်ဆင်ရေး လေ့ကျင့်ခန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ဇာတ်လမ်းဆင်ရတာပေါ့။ ဇာတ်လမ်းဆင်ပြီး လုပ်တဲ့အခါမှာ ပြည်ပကျူးကျော်စစ်ကို အဓိကထားပြီး ဇာတ်လမ်းဆင်ပါတယ်။ ပြည်ပကျူးကျော်စစ် ဆိုတာ သည် ဘယ်သူ၊ ဘယ်သူ ဘယ်ရန်သူ၊ ဘယ်ရန်သူလို့ သတ်မှတ်မထားပေမယ့် နိုင်ငံတကာမှာလည်း ဒီလိုပဲ သူ့ရဲ့ပြည်ပကျူးကျော်စစ်လို့ အဓိပ္ပာယ်ဖွင့်ပြီးမှ တပ်မတော်အသီးသီးရဲ့ တိုက်ခိုက်နိုင်မှုစွမ်းရည်၊ တပ်မတော် အသီးသီးရဲ့ စစ်ရေးစွမ်းရည် ပြသတာ ဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၊မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေး လေ့ကျင့်ခန်းတွင် သတ်မှတ်ထားသည့် ရန်သူ့ပစ်မှတ် (၇)နေရာကို တပ်မတော် (ကြည်း) (လေ)အဖွဲ့များပူးပေါင်းပြီး အမြောက်များ၊ သံချပ်ကာများဖြင့် တစ်ပြိုင်တည်း ချေမှုန်းခဲ့ခြင်းဖြစ်သည်။ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းတွင် အသုံးပြုသည့် လက်နက်ခဲယမ်း အများစုမှာလည်း မြန်မာ့တပ်မတော်က ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

“အများစုကတော့ ဒီမှာ သုံးစွဲတဲ့ ခဲ၊ ယမ်း အများစုကတော့ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ခဲ၊ ယမ်းတွေ ဖြစ်ပါတယ်။ အရှေ့တောင်် အာရှမှာ တပ်မတော်အသီးသီး ရှိတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင် လက်နက်ခဲယမ်းကို ၁၉၆၂ ခုနှစ်လောက်ကတည်းက စတင်ပြီး ကြိုးစားလာတာ။အခုအချိန်မှာ ကျွန်တော်တို့ စစ်သည်တွေ ကိုင်နေ တဲ့ လက်နက်ခဲယမ်း အများစုက မြန်မာ့တပ်မတော်က ထုတ်တဲ့ ကိုယ်ပိုင်လက်နက်ခဲယမ်းတွေ ဖြစ်ပါတယ်။ ဒီလို ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်နိုင်တဲ့ တပ်မတော်ဆိုတာ တော်တော်လေး ရှားပါတယ်။ တပ်မတော်(ရေ) ဆိုရင် စစ်သင်္ဘောတွေ ကိုယ်ပိုင်ထုတ်နိုင်တဲ့ အနေအထား ရှိပါတယ်။ ကိုယ်ပိုင်ထုတ်နိုင်တဲ့ အနေအထား ရှိတယ်ဆိုတာ ကျန်တဲ့နိုင်ငံတွေမှာ လေ့လာကြည့်ရင် သိပါလိမ့်မယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ကိုယ်ပိုင် လက််နက်ငယ် တောင်မှ ထုတ်နိုင်တဲ့နိုင်ငံက နည်းနည်း ရှားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ခြိုးခြံခြွေတာ ပြီးသား ဖြစ်ပါတယ်။ဒါတွေနဲ့ ဒီမှာလည်း မြန်မာနိုင်ငံကထုတ်တဲ့ ကိုယ်ပိုင် ခဲယမ်းတွေကို စမ်းသပ်ပြီး ပစ်ခတ်တဲ့အခါ ပစ်မှတ်ကိုလည်း တိတိကျကျ ပစ်ခတ်နိုင်ကြောင်း တွေ့ရပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

တပ်မတော်အနေဖြင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်မှုများကို ၁၉၉၅ ခုနှစ်မှာ စတင်ကာ ယခုအထိ အကြိမ်ပေါင်း ၉ကြိမ် ရှိခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဆင်ဖြူရှင်ကို ဆောင်ရွက် ခဲ့ဖူးသည်။အဆိုပါပူးပေါင်းစစ်ဆင်ရေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly