စစ်ကိုင်းတံတားပေါ်မှ ခုန်ချခဲ့သည့် သားအဖနှစ်ဦးအနက် ဖခင်ရုပ်အလောင်း တွေ့ရှိ

စစ်ကိုင်းတံတားပေါ်မှ ခုန်ချခဲ့သည့် သားအဖနှစ်ဦးအနက် ဖခင်ရုပ်အလောင်း တွေ့ရှိ

စစ်ကိုင်း၊ ဇန်နဝါရီ ၃၀ ။            ။ စစ်ကိုင်းတံတား(အင်းဝ)ပေါ်မှ ခုန်ချခဲ့သည့် သားအဖနှစ်ဦးအနက် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းအား ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်အလယ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ခုန်ချပြီး ၃ ရက်အကြာ စစ်ကိုင်းနှင့်အင်းဝကြား အင်းဝတံတားနှင့် ၄ မိုင်ခန့်အကွာ အင်းဝမီးသွေးတိုက်ဘက် ခြမ်း ဧရာဝတီမြစ်လယ်၌ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်က ခုန်ချခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ၂၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်ပတ်လမ်း၊ ဝါဆို ကျောင်းတိုက်အနီးနေထိုင်သော ဦးစိုးမင်းသိန်း အသက် (၄၀) နှစ်သည် သမီးဖြစ်သူ မဖြူစင်သွယ် အသက် (၄) နှစ်အားကျောတွင် ချီပိုးကာ စစ်ကိုင်းတံတားသို့ လာရောက်ခဲ့ပြီး မန္တလေးဘက်မှ စစ်ကိုင်းတံတား (အင်းဝ) တံတားကုန်း လေးခုမြောက်နေရာမှ ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"အိမ်မှာ ဘာပြသနာမှမရှိပါဘူး၊ကလေးက မျက်လုံးကင်ဆာဖြစ်နေတာ။ ကလေးမျက်လုံးကို ခွဲစိတ်ပြီး ထုတ်ပစ် ရမှာကို မကြည့်ရက်လို့ အခုလို လုပ်သွားတယ် ထင်တာပါပဲ။ အိမ်ထောင်ရေးပြဿနာလည်း မရှိဘူး။ ဘာပြဿနာမှမရှိဘူး။ ဒီကလေး ကျန်းမာရေးပြဿနာပဲ ရှိပါတယ်"ဟု ဦးလေးဖြစ်သူ ဦးဝင်းရွှေမှ မဇ္စျိမ ကို ပြောသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)အနေဖြင့် ဖြစ်ပွားသည့်နေ့ ဇန်နဝါရီ ၂၇ ရက်မှ ယနေ့အထိ ရေပြင်ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကိုင်းနှင့်အင်းဝကြား အင်းဝတံတားနှင့် ၄ မိုင်ခန့်အကွာ အင်းဝမီးသွေးတိုက်ဘက်ခြမ်း ဧရာဝတီမြစ်လယ်၌ ဦးစိုးမင်းသိန်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရုပ်အလောင်းကို သက်ဆိုင်ရာမိသားစုဝင်များထံအတည်ပြုချက်ရယူခဲ့ပြီး ဦးစိုးမင်းသိန်း၏ ရုပ် အလောင်းကို စစ်ကိုင်းရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကာ ယနေ့ ညနေ ၄ နာရီတွင် စစ်ကိုင်းမြို့ရှိ၊ယုန်ဖြူသုသာန် နာရေးချမည်ဖြစ်သည်။

ကလေးဖြစ်သူကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြင်းမူမြို့နယ်အထိ ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly