ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ မူဝါဒ သဘောထား

ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၉ ။          ။ ရခိုင်အမျိုးသားပါတီ (ANP)  ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်း ကရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား -

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ပြည်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်အမျိုးသားပါတီ (Arakan National Party) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါတယ်။

ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ  (Arakan National Party) (ANP) သည် ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများကို ကိုယ်စားပြုပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်းစားလှယ်၁၁ နေရာ အနိုင်ရခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်((Arakan League For Democracy-(ALD)ပါတီနှင့်် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ၃၅ နေရာအနိုင်ရခဲ့သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

(Rakhine Nationalities Development Party-(RNDP) )ပါတီ နှစ်ပါတီကို ရခိုင်အမျိုးသားအကျိုးစီးပွားနှင့် ရခိုင်အမျိုးသားတစ်ရပ်လုံး စည်းလုံး ညီညွတ်ရေးကိုရှေးရှု၍ ပူးပေါင်းတည်ထောင်ထားသည့် ပါတီဖြစ်ပါတယ်။

ကျွန်တော်တို့ရခိုင်အမျိုးသားပါတီရဲ့ အခြေခံမူဝါဒ(၃)ရပ်မှာ-

(က) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး-(ဆိုလိုသည်မှာရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကံကြမူ္မာကိုယ်ပိုင်ဖန်တီးခွင့် နှင့် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူအခွင့်အရေး ရရှိရေးကို အာမခံသည့် ''လူမျိုးကိုအခြေခံသော ပြည်နယ်များဖြင့်'' ဖွဲ့စည်းသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရန်ဖြစ် သည်။)

(ခ) ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ရခိုင်ပြည်နယ်အတွင်းရှိအခြားတိုင်းရင်းသားအားလုံးတို့၏ အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်လာစေရေးနှင့် အဆိုပါအကျိုးစီးပွားတို့အား အစဉ်ကာကွယ်စောင့်ရှောက်သွားရေး။

(ဂ) ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆနဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်လည်းကောင်း တိုင်းရင်းသားပြည်သူအပေါင်းတို့ဟာ ဒုက္ခမျိုးစုံကိုနှစ်ပေါင်း ၆၀ကျော် ခါးစည်းခံစားခဲ့ကြရပါတယ်။ ခံစားနေကြရဆဲလည်းဖြစ်ပါတယ်။ ယနေ့အထိ အမျိုးသားလွတ်မြောက်ရေးတောင်းဆိုသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်လျက်ရှိကြပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းဟာ တိုင်းရင်းသားလူမျိုးများအချင်းချင်းသည် တန်းတူရည်တူအခွင့်အရေးမရရှိသေးခြင်း၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အုပ်ချုပ်ခွင့် မရရှိသေးခြင်းတို့ကြောင့်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ဒါ့ကြောင့် ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ထာဝစဉ်ရရှိရန်အတွက် ရဲဝံ့စွာဖြင့်လည်းကောင်း၊ သဘောထားကြီးစွာဖြင့်လည်းကောင်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါတယ်။ ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကိုအခြေခံသည့် ဒီမိုကရေစီစနစ်ကို အာမခံသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် မဖြစ်မနေပေါ်ပေါက်လာရေးအတွက်ကျွန်တော်တို့အားလုံး လက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါတယ်။

မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား-

ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခုမဖြစ်သင့်သော၊ ရေခံမြေခံရှိပါလျက်၊ သဘာဝသယံဇာတ ပေါကြွယ်ဝပါလျက် အဆင်းရဲဆုံးဖြစ်နေရပါတယ်။ နိုင်ငံအနှံ့၌ အဆိုးရွားဆုံးရေလွှမ်းမိုးမှုဒဏ်ကြောင့် လူ့အသက်ဆုံးရှုံးမှုအများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဆင်းရဲဆုံးပြည်နယ်သည် အဆိုးရွားဆုံးသဘာဝဘေးဒဏ်ကို ခံစားနေရပါ တယ်။ နိုင်ငံအနှံ့ရေဘေးသင့်ပြည်သူများစွာအတွက်လည်း ကျွန်တော်တို့ပါတီမှ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး၊ အချိန်တိုအတွင်း မူလ အသက်မွေးဝမ်းကျောင်းဘ၀ ပြန်လည်ဖြစ်ထွန်းရောက်ရှိရေးအလွန်လိုအပ်ပါတယ်။

ဒီအတွက် ပြည်တွင်းပြည်ပ အကူအညီနှင့်လည်ကောင်း၊ နိုင်ငံတော်မှလည်းကောင်း၊ ငွေကြေးများစွာ စိုက်ထုတ်သုံးစွဲ ရန်လိုအပ်ပါတယ်။ ရေလွှမ်းမြေယာများအတွက် စိုက်ပျိုးရေးနည်းစနစ်၊နည်းပညာ၊ သီးနှံအမျိုးစားနှင့် လယ်သမားဘ၀ နာလန်ပြန်ထူရေး၊ နှစ်ရှည်အတိုးမဲ့ ထောက်ပံ့မည့်အစီအစဉ်များ၊ သဘာဝဘေးဒဏ်အတွက် မုန်တိုင်းဒဏ်ခံ အသက်ကယ်အဆောက်အအုံများ၊ လမ်းကွန်ရက်များနှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍအပါအဝင် ပြီးပြည့်စုံတဲ့ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းကြီးများ၊ ရခိုင်ကဲ့သို့သော မုန်တိုင်းဝင်တတ်သည့်နေရာဒေသများအတွက် အသက် ကယ်ကုန်းများ၊ ဆိုင်ကလုန်းချက်လတာများ အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒေသအစိုးရနှင့် ဗဟိုအစိုးရကို တိုက်တွန်းပါတယ်။

မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား -

ရခိုင်အမျိုးသားပါတီသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့်ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားများ၏ အကျိုးစီးပွား အတွက် လိုအပ်သော အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါတယ်။ ထိုနည်းတူ ပြည်ထောင်စုမြန်မာနိုင်ငံတွင်

ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရှင်သန်ဖွံ့ဖြိုးနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ပါတီရဲ့ရှေ့ဆောင်ရွက်မည့်ပါတီလုပ်ငန်း စဉ်များကို တင်ပြပါမယ်။ လုပ်ငန်းစဉ်(၁၈) ခု ချမှတ်ထားပါတယ်။

(က) တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရေး၊ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်။

(ခ) လူမျိုးကိုအခြေခံသည့် ပြည်နယ်များဖြင့်ဖွဲ့စည်းထားသော စစ်မှန် သည့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်။

(ဂ) ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် လူနည်းစုများ အခွင့်အရေးတို့ တိုးတက်ကောင်းမွန်လာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်။

(ဃ) ပြည်တွင်းစစ်ရပ်စဲပြီး ထာဝရတည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်။

(င) ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီအခြေခံမူများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုစစ်စစ်မှုနှင့် သော်လည်းကောင်းမကိုက်ညီသော အချက်အလက်များနှင့် ဥပဒေအပိုဒ်များ ကိုပြင်ဆင်ရေး နှင့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်။

(စ) ရခိုင်ပြည်နယ်ရှိတိုင်းရင်းသားအလုပ်သမားများသည် လယ်လုပ်ပိုင်ခွင့် ရှိရုံသာမက လယ်ယာမြေများကိုပိုင်ဆိုင်ခွင့်ရရှိရေးတို့အတွက် ဆောင်ရွက်သွားရန်၊ ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လယ်သမားများအနေဖြင့် မိမိတို့၏ဆန္ဒများကို ဖော်ထုတ်အကောင်အထည်ဖော်နိုင်ရန် လယ်သမား သမဂ္ဂများ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရန်။

(ဆ) ရခိုင်ပြည်နယ်ရှိတိုင်းရင်းသားအလုပ်သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာများရရှိရေးအပါအဝင် လွတ်လပ်သော အလုပ်သမားသမဂ္ဂ များပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ရန်။

(ဇ) အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်။

(ဈ) ရခိုင်ပြည်နယ်တွင် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုများကြောင့်ရရှိလာသည့် အကျိုးစီးပွားကို ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများဥပဒေနှင့်အညီ အပြည့်အဝရယူခံစားနိုင်ရေး ဆောင်ရွက်သွားရန်။

(ည) ပြည်တွင်းနှင့်နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကြောင့်ရရှိလာသည့် စီမံကိန်းကြီးများတွင် ရခိုင်အမျိုးသား လုပ်ငန်းရှင်များက ပါဝင်လုပ် ကိုင်ခွင့်ရရှိရေးဆောင်ရွက်သွားရန်။

(ဋ) ရခိုင်အမျိုးသား၏သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရေးတို့ကို ဆောင်ရွက်ရန်။

(ဌ) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခွင့်အလမ်းများတိုးတက်မြင့်မားကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန်။

(ဍ) ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်ငန်း၊ လယ်ယာမြေ၊ သဘာဝအရင်းအမြစ်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအစရှိသော ကဏ္ဍအသီးသီးတို့တွင်ပြည်သူတို့ကိုယ်တိုင်ပါဝင်ဆုံးဖြတ်နိုင်သော ယန္တရား တစ်ရပ်ကိုသက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီး၏ ကိုယ်စားလှယ်များနှင့်ပူးပေါင်းကာ အကောင် အထည်ဖော်ဆောင်ရွက်ရန်။

(ဎ) နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားတို့ကို ကာကွယ်သည့်နိုင်ငံခြားရေးမူဝါဒများအား ပြည်ထောင်စုအစိုးရမှ ချမှတ်နိုင်ရေး အတွက်ဆောင်ရွက်ရန်။

(ဏ) ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များအား ဖော်ထုတ်သုံးစွဲရာတွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်ရေးဆောင်ရွက်သွားရန်။

(တ) ရခိုင်လူမျိုးများအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားများအားလုံးပြည်ပနိုင်ငံများ၌ ဘေးကင်းလုံခြုံစွာအလုပ်လုပ်ကိုင်နိုင်ရေးနှင့် မိမိနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိပြန်လည်ရောက် ရှိနိုင်ရေးတို့ကိုဆောင်ရွက် သွားရန်။

(ထ) မိမိနေရပ်ကိုစွန့်ခွာ၍ အလုပ်အကိုင်ရှာဖွေရင်း မြန်မာပြည်တွင်းနေရာအနံ့အုံ ပြား၌ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ရောက်ရှိ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် တတ်စွမ်းသမျှ ကြိုးပမ်းသွားရန်။

(ဒ) ပြည်တွင်းပြည်ပ၌ရောက်ရှိနေကြသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အစွမ်းကုန် ဆွဲဆောင်ကြိုးပမ်းသွားရန်။

လေးစားအပ်ပါသော မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား -

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ရက် နေ့တွင်ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသည် ကျွနု်ပ်တို့ရခိုင် လူမျိုးများအတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းလဲအတွက်ပါ အလွန်အရေးကြီး ပါတယ်။ ခေတ် အဆက်ဆက်၌ ရခိုင်လူမျိုးများသည် ဆုံးရှုံးနေသော အမျိုးသားအခွင့်အာဏာများကို ရှရှိစေရန်အတွက် နည်းလမ်းပေါင်းများစွာကို အသုံးပြု၍ သက်စွန့်ဆံဖျား ကြိုးစားခဲ့ကြပါတယ်။ ကျွနု်ပ်တို့ ရခိုင်အမျိုးသားပါတီအနေဖြင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဥပဒေဘောင်အတွင်းမှ ထိုအခွင့်အာဏာများကို ပြန်လည်ရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်း အားထုတ်လျက်ရှိပါတယ်။ ရခိုင်အမျိုးသားပါတီဟာ လာမည့်ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်နေရာ (၇၇) နေရာ၌ ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင် လွှတ်တော်(၃)ရပ်၌ စုစုပေါင်း (၆၂)နေရာ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ (၅)နေရာ၊ ရန်ကုန်တိုင်းမှာ (၉)နေရာနှင့်ဧရာဝတီတိုင်းမှာ ရခိုင်ရေးရာဝန်ကြီး(၁)နေရာတို့ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်သူများအခက်အခဲ အကျပ်အတည်းကြုံတိုင်း ရခိုင့်အကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသောအဖွဲ့အစည်း များနှင့်အတူ ထိုအခက်အခဲများမှ ရုန်းထွက်နိုင်အောင်ပြည်သူနှင့် တစ်ထပ်တည်း ထာဝစဉ်ကြိုးပမ်းဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း ပြည်သူများ အသိပင်ဖြစ်ပါတယ်။

ထို့သို့ ထာဝစဉ် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်သူတစ်ရပ်လုံးသည် ရခိုင်ကိုယ်စားပြုပါတီ(RNDP) နှင့် အတူရပ်တည်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တွင်တတိယအများဆုံးအနိုင်ရ ပါတီကြီးအဖြစ် (RNDP)ကိုသမိုင်းမှတ်တိုင်စိုက်စေခဲ့ပါသည်။၂၀၁၀ ရွေးကောက်ပွဲတွင်ရခိုင်ပါတီ(RNDP)ကို သမိုင်းမှတ်တိုင်စိုက်စေခဲ့ပါသည်။ အောင်ပွဲရခဲ့ခြင်းသည် ရခိုင်ပါတီ(RNDP)သာမက" ရခိုင်တစ်မျိုးသားလုံး၏အမျိုးသားစိတ်ဓာတ်" ကို မြန်မာနိုင်ငံအစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့စည်းများကပင် အသိအမှတ်ပြု ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့်နေရာအားလုံးတွင် (ALD)နှင့် (RNDP)ပါတီတို့ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP)အပြတ်အသတ်အောင်ပွဲရရှိစေရန်မှာ ရခိုင်ပြည်သူများ၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်သည်ဟုအလေးအနက်ယုံကြည်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများခင်ဗျား-

သမိုင်းဖြစ်ရပ်သင်ခန်းစာ၊ ခေတ်စနစ်၏တောင်းဆိုချက်အရ ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်ပါလီမန်ကိုစိုးမိုးချုပ်ကိုင်နိုင်ရပါမည်။ ရခိုင်အမျိုး သားပါတီသည် ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင် ဖွဲ့စည်းနိုင်ရပါမည်။ ဤလိုအပ်သော အပြောင်းအလဲအတွက် ရခိုင်ပြည်သူတစ်ရပ်လုံး ရခိုင်အမျိုးသားပါတီနှင့်အတူ ရပ်တည်ပေးရန်လိုပါမည်။ ရခိုင်ပြည်သူတစ်ရပ်လုံး ရခိုင်အဖ ရခိုင်မြီကို ငါရို့ကိုယ် တိုင်တည်ဆောက်မှ ဖြစ်မည်ဟုခံယူကြပါရန်လိုပါသည်။ ထို့ကြောင့် ရခိုင်တစ်မျိုးသားလုံးအနေဖြင့် အသျှင်နာဂိန္ဒမော်ကွန်းစာကို သီးထိပ်ရွက်ချက် ရခိုင်အမျိုးသားပါတီ အောင်ပွဲရရှိစေရန် ပါတီကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲပေးခြင်းဖြင့် မပြီးဆုံးသေးသော အမျိုးသားရေးတာဝန်ကို အစွမ်းကုန်သယ်ပိုး ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူများအားလုံး အန္တရာယ်ခပ်သိမ်းမှကင်းဝေးကြပါစေ။ ဒီမိုကရေစီကို အခြေခံသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အမြန်ပေါ်ထွန်းနိုင်ပါစေ။

ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေးတေးခြင်း အောင်ပွဲပန်းတိုင်

- စနစ်ကိုတွန်းလှန် ပြည်ကိုမွမ်းမံ ဗျာလလအားမာန် ANP အောင်လံ

အဖပြည်မာဝဲပျံ-ထက်အာကာခေါင်းခင်စွမ်းအားနဲ့ဝင့်လို့ပျံ။

- ကြားနိန်သွီးတိုင်းမယုံပါ မမူးပါ

ရက္ခိတအားမာန် ANP အောင်လံ

အဖပြည်ကိုဝိုင်းရံ စည်းရိုးပြေမလားအောင်

မကွဲပြားဖို့ သွီးနီးပါ။

- ဒီမိုကရေစီရေး အားလုံးတန်းတူရေး

ဖွံ့ဖြိုးတိုးတက်ရေးမဲတစ်ပြားဝိုင်းဗျာလ်

ကူကတ်မေ။

ယှဉ်ပြိုင်အောင်နိုင်ရေး တရားသဖြင့်ဖြစ်ဖို့ရေး

ရခိုင်အမျိုးသားငါ့ရို့အာင်လံကို အားလုံးဝိုင်းဗျာလ်ထူ။

လားလား လားကတ်မေ မဲပီးဖို့လားကတ်မေ

လားလားလားကတ်မေ ANP ကိုမဲပီးဖို့၊

- ဘယ်သူလာခြောက်ခြောက် အမှန်ငါ့ရို့မကြောက်ပါ

ညီညွတ်အားမာန် ANP အောင်လံ

အဖပြည်ကိုဝိုင်းရံ ထက်အာကာကောင်းခင်

စွမ်းအားနန့် ဝင့်လို့ပျံ။

ရခိုင်အမျိုးသားပါတီ

 ၁။  ပါတီအမည်  -  ရခိုင်အမျိုးသားပါတီ
 ၂။  ပါတီအမည်(English)  -  Arakan National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၈.၁၁.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၃၀ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၃.၁.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၇.၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၆.၃.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၃၉၃)၊ လမ်းမကြီး လမ်းမတော်တောင် ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -

 ၀၉-၄၂၀၁၀၂၃၆၈(ဦးအေးသာအောင်)၊၀၉-၄၃၀၃၄၁၁၁ (ဒေါက်တာအေးမောင်)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly