ဇန်နဝါရီ ၃၀ ။ ။ မက္ကဆီကိုအစိုးရအနေနဲ့ အစိုးရပိုင် ကား၊ လေယာဉ် အမြောက်အမြားကို မကြာခင်မှာပဲ လေလံတင် ရောင်းထုတ်သွားဖို့ ရှိနေတယ်ဆိုပြီး သမ္မတ လိုပက်ဇ် အိုဘရာဒေါက ဇန်နဝါရီ ၂၉ ရက်မှာ ကြေညာလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီ နဲ့ ဧပြီ လကျရင် ဆန်တာ လူစီယာ စစ်အခြေစိုက်စခန်းမှာ ပြုလုပ်မယ့် လေလံပွဲနှစ်ခုမှာတော့ အစိုးရပိုင်ယာဉ် ၂၆၃ စီး၊ လေယာဉ် ၇၆ စင်းကို လေလံတင် ရောင်းချမယ်လို့ မက္ကဆီကို သမ္မတက ဆိုပါတယ်။
အဆိုပါ လေလံတင် ရောင်းချမှုတွေကနေ ရရှိလာမယ့် ငွေကြေးအကျိုးအမြတ်တွေကိုတော့ မက္ကဆီကိုအမျိုးသား အစောင့်တပ် ခေါ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သစ်တစ်ခု ဖွဲ့စည်းရာမှာ ငွေကြေးပံ့ပိုးသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ၊ ၂၄ တို့မှာ ကျင်းပမယ့် ပထမ လေလံပွဲမှာ အစိုးရပိုင်ယာဉ် ၂၆၃ စီး ရောင်းပြီး ကန်ဒေါ်လာ ၅ ဒသမ ၂၆ သန်း ( ပီဆို သန်း ၁၀၀ ကျော်) ထိ ရရှိလိမ့်မယ်လို့ မက္ကဆီကို အစိုးရက မျှော်မှန်းထားပါတယ်။
အလားတူ ဧပြီ ၂၆၊ ၂၇ မှာ လုပ်မယ့် ဒုတိယလေလံပွဲမှာတော့ လေယာဉ်နဲ့ ရဟတ်ယာဉ် ၇၆ စင်းကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယင်းတို့အနက် သမ္မတ စီးတဲ့ လေယာဉ် Boeing 787 Dreamliner ကြီးလည်း ပါဝင်မယ်လို့ သိရပါတယ်။