စက်သုံးဆီဆိုင်မီးလောင်မှုတွင် ပိုင်ရှင်ဖြစ်သူအား အရေးယူ

စက်သုံးဆီဆိုင်မီးလောင်မှုတွင် ပိုင်ရှင်ဖြစ်သူအား အရေးယူ
ဓါတ်ပုံ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန

ဇန်နဝါရီ ၃၀ ။         ။ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ထူးပေါက်လမ်းခွဲရှိ စက်သုံးဆီဆိုင်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မီးလောင်ခဲ့မှုတွင် ပိုင်ရှင်အား စလင်းမြို့မရဲစခန်းမှ အရေးယူထားသည်ဟု သိရသည်။

ဖြစ်စဉ်မှာ စလင်းမြို့နယ် မြေမိကုန်းကျေးရွာအုပ်စု မြေမိကုန်းကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း မိုင်တိုင်အမှတ် (၄၀/၆-၇)ကြား ထူးပေါက်ကျေးရွာလမ်းခွဲရှိ စလင်းမြို့နေ ဦးခင်မောင်လွင်ပိုင်ဆိုင်သော ၂၀×၃၀ ပေ ဝါးကပ်မိုး ထရံကာ မြေစိုက် စက်သုံးဆီဆိုင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အကာသို့ မီးကူးစက်လောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းကိစ္စအတွက် ပိုင်ရှင် ဦးခင်မောင်လွင်ကို (ပ) ၂၈၇/၂၀၁၉၊ပုဒ်မ-၂၈၅ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၆ စီး၊ ဆင်ဖြူကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၉ စီး နှစ်နာရီကြာ မီးငြိမ်းသတ်ခဲ့ရသည်။

“ဓါတ်ဆီ ဒီဇယ်ကတော့ အရေးကြီးတဲ့ မီးလောင်လွယ်တဲ့ လောင်စာတွေပါ အလေးအနက်ထားပြီးတော့ ကိုင်တွယ် သုံးစွဲဖို့လိုပါတယ်။ အတိမ်းအစောင်း အမှားမခံဘူး။ မြေပြင်ပေါ်မှာထား မသုံးဘဲ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ မြေအောက်မှာ သိုလှောင်သုံးစွဲသင့်ပါတယ်။ မြေပြင်မြေကြီးပေါ် ထားသုံးမယ်ဆို အန္တရာယ်များပါတယ်။” ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က မဇ္စျိမသို့ ပြောသည်။

မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးနှင့် အပေါ့စား မီးသတ်စက်အသုံးပြု ငြိမ်းသတ်ခြင်းမရှိဘဲ (Foam) အမြှုပ်ဆေးရည်ဖြင့် ဆေးရည် (၃၇) ဂါလံနှင့် ရေဂါလန်(၁၆၄၀၀) ခန့်ကို အသုံးပြုခဲ့ရသည်ဟု ၎င်းက ဆိုသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ နေအိမ်ဝိုင်းအတွင်းရှိ စက်သုံးဆီ ဒီဇယ် ၂ ပီပါ၊ အင်ဂျင်ဝိုင် ၄ ပီပါ နှင့် မော်တော်ယာဉ်တစ်စီးတို့ ဆုံးရှုံးခဲ့ရပြီး ကာလတန်ဖိုး ကျပ် ၁၅၇ သိန်းကျော်ရှိကြောင်း သိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly