တနင်္သာရီတွင် ဆီအုန်းကုမ္ပဏီကြောင့် တောင်သူများ၏ ဥယျာဉ်ခြံမြေများ ထိခိုက်နေ

တနင်္သာရီတွင် ဆီအုန်းကုမ္ပဏီကြောင့် တောင်သူများ၏ ဥယျာဉ်ခြံမြေများ ထိခိုက်နေ

တနင်္သာရီ၊ ဇန်နဝါရီ ၃၀ ။            ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဆီအုန်းစီမံကိန်း တစ်ခုကြောင့် ဒေသခံတောင်သူများ၏ မြေယာများ အသိမ်းခံ နေရမှုများ များပြားလာပြီး ဥယျာဉ်ခြံမြေများ ထိခိုက်မှုရှိလာကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံ တောင်သူများက သတင်းမီဒီယာများကို ပြောသည်။

 အဆိုပါ ဆီအုန်းကုမ္ပဏီ၏ စီမံကိန်းတစ်ခုမှာ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအတွင်းရှိ ချောင်းလမု ကျေးရွာနှင့် အေးသာယာကျေးရွာတို့တွင်တည်ရှိပြီး ၄င်းစီမံကိန်းဝင်ရောက်လာခြင်းကြောင့် လက်ရှိတွင် ဒေသခံတောင်သူများ စိုက်ပျိုးနေသည့်သီးနှံများ ဖျက်ဆီးခံရခြင်း၊ မြေယာများလိုက်လံသိမ်းယူနေခြင်း၊ တောင်သူများကို တရားစွဲဆိုရန် ခြိမ်းခြောက်မှုပြုလုပ်နေခြင်းများ ရှိနေကြောင်း ရွာသားများက ဆိုသည်။

 "ကျွန်မတို့စိုက်ပျိုးထားတဲ့သီးနှံတွေကို ကုမ္ပဏီက စက်ကြီးတွေနဲ့လာဖျက်ဆီးသွားတယ်။ ကျွန်မတို့ကိုယ်ပိုင်တဲ့ မြေနေရာကို ခြံခတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကို တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မတို့က ချောင်းလမု၊ အေးသာယာစတဲ့ ရွာတွေကို ၂၀၀၁ ခုနှစ်ကတည်းက ရောက်နေပါတယ်။ စိုက်ပျိုးရေးလုပ်နေတာက ၁ဝနှစ် နှစ်၂၀ နီးပါးရှိပြီ။ ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှ ရောက်လာပြီး မြေတွေ သိမ်းတယ်။အုပ်ချုပ်ရေးမှူးကလည်း ဒေသခံတွေဘက်က မရပ်တည်ဘူး။ လွတ်တော်ကိုယ်စားလှယ်တွေ လာရောက်တဲ့ ရှင်းလင်းပွဲမှာ ဒေသခံ တောင်သူတွေရဲ့ မြေတွေကို တစ်လက်မတောင် မပါစေရဘူးလို့ ပြောခဲ့တယ်။ အခုတော့ ဥယျာဉ်တစ်ခုလုံး ပါသွားပြီ။ ကျွန်မတို့မှာ အစိုးရကိုလည်း ကြောက်ရတယ်။ ကုမ္ပဏီကိုလည်း ကြောက်နေရတယ်။ ဘယ်လိုလုပ် ရမှန်းကို မသိတော့ဘူး။ စားဝတ် နေရေးအတွက် လုပ်ကိုင်စားသောက် နေရတဲ့ ဒီမြေ ဒီရေတွေကိုတော့ ပြန်လိုချင်ပါတယ်''ဟု အေးသာယာရွာမှ မခင်မာအေးက ပြောဆိုသည်။

 ဆီအုန်း စီမံကိန်းနှင့် ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ၊ ဒေသခံများ ပါဝင်သည့် အစည်းအဝေးတွင် ကတိကဝတ်များ ပေးခဲ့သော်လည်း လက်ရှိတွင် ကိုယ်စားလှယ်များက ကုမ္ပဏီ ဘက်ကသာ ရှိနေခဲ့ကြောင်း ဒေသခံတောင်သူများက ဆိုကြသည်။

 “ပြီးခဲ့သည့်၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တနင်္သာရီ ထွေ/ အုပ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ ဆွေးနွေးချက် ၂ မှာ ဦးရဲမြင့်ဆွေက ဒေသခံတောင်သူများရဲ့ ဆန္ဒကိုရယူပြီး လုပ်ဆောင်ပါလို့ပြောခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတစ်ချက်မှာက ကိုယ်စားလှယ် တစ်ယောက်ကို မဲဆန္ဒနယ် ပြည်သူတစ်ယောက်ရော၊ တောင်သူတစ်ယောက် အနေနဲ့ပါ အင်မတန် စိတ်ပျက်စေတဲ့ အရာပါ။ အဲဒီ စာသားက တောင်သူများ စိုက်ပျိုးထားသော သီးနှံများကို ခုတ်လှဲပြီး အစားထိုးသီးနှံကို စိုက်ပျိုးရန်လို့ပြောခဲ့တယ်၊ နှစ်ရှည်သီးနှံတွေကို ခုတ်လှဲပြီး ဆီအုန်း စိုက်မယ် ဆိုတာကတော့ ကိုယ်စားလှယ်ကိုယ်တိုင်ပြောတဲ့စကားနဲ့ ကုမ္ပဏီက တောင်သူတွေရဲ့အပင်တွေကိုလူပါးဝပြီး ခုတ်သတ်နေတယ်လို့ မြင်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ တောင်သူတွေရဲ့အပင်ကိုခုတ်သတ်ရင်တရားစွဲလို့ရတယ်ဆိုတာ သိထားလျက်နဲ့ တစ်နည်းအားဖြင့် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေပေါင်းပြီး လူပါးဝတယ်ဆိုတာ ထင်ထင် ရှားရှားတွေ့နိုင်တယ်”ဟု တနင်္သာရီအမိမြေကွန်ယက်မှ တာဝန်ခံ ဦးမင်းခန့်က ပြောဆိုသည်။

 ကုမ္ပဏီအနေဖြင့် စီမံကိန်းကို ၄၈၆၅ ဧကစိုက် ပျိုးခွင့်ရထားပြီး ၄ နှစ် အထိအစိုးရမှ စိုက်ပျိုးခွင့် ပေးထား ကြောင်း တောင်သူများ၏ သီးနှံပင်များကို ဖျက်ဆီးထားခြင်းမရှိကြောင်း၊ ထို့အပြင် တောင်သူ ၁၂၈ ဦး၏ မြေဧရိယာ ၉၆၉ ဧကကို ချန်လှပ်ထားပြီး တောင်သူများအတွက် ပုံစံ ၇ ရရှိသည်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီမှ ဦးကျော်မိုးဝင်းမှ သတင်းမီဒီယာများမှ တွေ့ဆုံမေးမြန်းစဉ် ယင်းသို့ ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly