ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရင်း ရင်းနှီးမြှုပ်နှံမှုများပြားသည့် အခြေအနေတစ်ခုကို အကောင်အထည် ဖော်သွားမည်ဟု ဒေါ်စုဆို

ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရင်း ရင်းနှီးမြှုပ်နှံမှုများပြားသည့် အခြေအနေတစ်ခုကို အကောင်အထည် ဖော်သွားမည်ဟု ဒေါ်စုဆို
ဓာတ်ပုံ - UMFCCI

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ။          ။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ရင်း ရင်းနှီးမြှုပ်နှံမှု များပြားသည့် အခြေအနေ တစ်ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ Invest Myanmar Summit 2019 ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုအချိန်ဟာ ကျွန်မတို့အားလုံး ရဲရင့်ပြီး ရည်မှန်းချက်ကြီးကြီး ထားရတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေဖြင့် မကြာသေးမီ နှစ်များကပင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိသလို သိသာထင်ရှားမှု မရှိသော်ငြား အရေးပါသော ပြုပြင်ပြောင်းလဲမှုများကိုလည်း တာဝန်ယူ ဆောင်ရွက် လျက် ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှု အားလုံး၏ အဓိက ရည်ရွယ်ချက်မှာ ဘက်စုံစီးပွားရေးစနစ်တိုးတက်မှုကို ဦးတည်သည့် စျေးကွက်စီးပွားရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် ညီညွတ်သော ပတ်ဝန်းကျင်တစ်ရပ် ကို ပိုမိုစနစ်ကျစေရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားစေရန်အတွက် ရင်းနှီး မြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးကို အခြေပြု၍ လိုအပ်သော ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ရင်း ရင်းနှီးမြှုပ်နှံမှု များပြားသည့် အခြေအနေတစ်ခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ပေါင်း ၁၂၀ ကျော်ပါဝင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂ဝဘီလီယံ တန်ဖိုးရှိသည့် ပုဂ္ဂလိကနှင့် တိုင်းဒေသကြီး စီးမံကိန်းပေါင်း ၂၀၀ ကျော်ကို ပြသထားကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ရတဲ့အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် လမ်းဆုံအဖြစ်တည်ရှိနေပြီး မဟာဗျူဟာမြောက် စျေးကွက်စီးပွားရေးတစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် လာရောက်ရင်းနှီးမြှုပ်နှံကြပါ” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

အဆိုပါ Summit တွင် စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်တွင်တည်ဆောက်မည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိသော သကြားစက်ရုံံနှင့် ၆၀ မဂ္ဂါဝပ်လျှပ်စစ် ဓာတ်အားစက်ရုံပရောဂျက်အတွက် Grate Wall Food Stuff ကုမ္ပဏီနှင့် Hongkong International Sugar Engineering ကုမ္ပဏီတို့အကြား နားလည်မှု စာချွှန်လွှာ (MoU) ရေးထိုးခဲ့ကြမှုများလည်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့အသေးစိတ်စီစဉ်ပြသထားတဲ့ စီမံကိန်းတွေ ၊ အရေးပါတဲ့ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များရဲ့ မိန့်ခွန်းတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များနှင့်တိုက်ရိုက် ဆွေးနွေးပြောဆိုနိုင်မှု တွေကြောင့် တက်ရောက်လာကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ၄င်းတို့ရဲ့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းအတွက် ပိုမို ရှင်းလင်းတဲ့ အသိပညာတွေကို ရယူသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု Invest Myanmar Summit 2019၏ ဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောသည်။

အဆိုပါ Summit ကို နေပြည်တော်ရှိ MICC-2 ၌ ဇန်နဝါရီလ ၂၈ရက်မှစတင်ကာ ၂၉ ရက်နေ့ အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပထမနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်ပလုပ်ငန်းရှင်များ၊ သံတမန်အဖွဲ့အစည်းများအပါအဝင် စုစုပေါင်းလူဦးရေ ၁၅၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly