ပရိသတ် ၂၈၀၀ ဆံ့ ဖူဆယ်မိုးလုံလေလုံအားကစားကွင်း MFF တည်ဆောက်မည်

ပရိသတ် ၂၈၀၀ ဆံ့ ဖူဆယ်မိုးလုံလေလုံအားကစားကွင်း MFF တည်ဆောက်မည်

ဇန်နဝါရီ ၂၉ ။           ။ ပရိသတ် ၂၈၀၀ ဆံ့ မိုးလုံလေလုံအားကစားကွင်းတစ်ခုကို လာမည့် ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အပြီးတည်ဆောက်သွားရန် စီစဉ်နေသည်။

အဖွဲ့ချုပ်ပိုင်  နိုင်ငံတကာအဆင့်မီ ဖူဆယ်မိုးလုံလေလုံကစားကွင်း( Indoor Stadium) သည် ပရိသတ် ၂၀၀၀ မှ ၂၈၀၀ အထိ အားပေး ကြည့်ရှုနိုင်မည်ဖြစ်ပြီး သုဝဏ္ဏအားကစားကွင်းအနီးတွင် ဆောက်လုပ်သွားရန် ရည်မှန်းထားခြင်း ဖြစ်သည်။

အဆိုပါ အားကစားကွင်း ဒီဇိုင်းနမူနာ မြင်ကွင်းများအား ဇန်နဝါရီလ ၂၉ ရက်က MFF မှ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ဖူဆယ်လိဂ်ပြိုင်ပွဲများ၊ ဖူဆယ်ရှုံးထွက် ပြိုင်ပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ National Indoor Stadium (NIS-1) သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ နှစ်စဉ် ကျင်းပနေရခြင်းဖြစ်သည်။

သို့ရာတွင်  မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အဦများ၊ ကစားကွင်းများ အနေဖြင့် လုံလောက်မှုမရှိဘဲ လိုအပ်ချက် အများအပြားရှိနေပြီး ပြိုင်ပွဲကျင်းပရန်နှင့် လေ့ကျင့်မှုများ ပြုလုပ်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရဆဲ ဖြစ်သည်ဟု MFF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ပြည်တွင်းနှင့်နိုင်ငံတကာပွဲများကို သုဝဏ္ဏအားကစားရုံနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပလျှက်ရှိရာ အဆိုပါအားကစားကွင်းသစ် ပြီးစီးပါက ဘောလုံးပရိသတ်များအတွက် နိုင်ငံတကာအဆင့်မီ ကစားကွင်းသစ် တိုးလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly