သီပေါ၊ နားမခေါ်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

သီပေါ၊ နားမခေါ်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်အချို့ နေရပ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။          ။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်  သီပေါမြို့့၊ နားမခေါ်ကျေးရွာအုပ်စုသို့ စစ်ဘေးရှောင်လာကြရသည့် စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်နေကြပြီဖြစ်ကြောင်း နယ်စည်းမခြားပရဟိတ အဖွဲ့မှ ကိုမျိုးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်တိန်းတောင်၊ မန်မိုင် ရေပူရွာနှင့် မန်ဟုန်းကျေးရွာတို့တွင် RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာ ၆ ရွာမှှ စစ်ဘေးရှောင်တစ်ထောင်ကျော်ခန့်က လာရောက်ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။

“သီပေါမြို့မှာတော့ တစ်ထောင်ကျော်( စစ်ရှောင်)ပေါ့။  (တိုက်ပွဲ)စတဲ့အချိန်မှာ။ အခုက တချို့ကိုယ့်နေရာကိုယ်ပြန်ကြပြီ။ လောလော ဆယ်တော့ လူဦးရေ ၆၀၀ လောက် ကျန်တယ်” ဟု ကိုမျိုးက ပြောသည်။

လက်ရှိတွင် စစ်ရှောင်များမှာ ဆောင်းရာသီ အအေးဒဏ်ကို ရင်ဆိုင်နေကြပြီး စားနပ်ရိက္ခာမှာ အလှူရှင်များ ရှိသော်လည်း လိုအပ်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

“ အလှူရှင်တွေ လာလှူထားတာလေးတွေနဲ့ပဲ သူတို့  စားသောက်နေရတာပေါ့နော်။ လောလောဆယ် လိုအပ်တာက အစားအသောက် လောက်ပါပဲ” ဟု နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက ဆိုသည်။

စစ်ဘေးရှောင်များမှာ သီပေါမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအပြင် နားမခေါ်ကျေးရွာအုပ်စုတို့တွင် စစ်ဘေးရှောင်စခန်းဖွင့်ကာယာယီခိုလှုံနေရပြီး အချို့မှ တိုက်ပွဲများ ထပ်ဖြစ်မည် စိုး၍ နေရပ် မပြန်နိုင်ကြသေးပေ။

ထို့ကြောင့် သီပေါမြို့ရှိ နားမခေါ်ကျေးရွာအုပ်စုမှ ဒေသခံ ၄၀၀၀ ကျော်နှင့် ဆီတောကျေးရွာအုပ်စုမှ စစ်ဘေးရှောင်တို့က လည်း နှစ်ဖက်လက်နက်ကိုင် ခေါင်းဆောင်များထံ တိုက်ပွဲများရပ်ရန် စာတစ်စောင်စီ ပေးပို့ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly